မုန်တိုင်းသင့်ဒေသတွေကို ဒေါ်လာ ၂.၇ သန်း အီးယူထောက်ပံ့
သဘာဝဘေးဒဏ် ခံစားခဲ့ရသူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့တာတွေ အလျင်အမြန် ဆောင်ရွက်ဖို့ဟာ အရေးကြီးပြီး ကွင်ဆင်းဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြောင်း EU ရဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးမဟာမင်းကြီးက ပြောပါတယ်။
-
RFA Burmese
2023-05-25 -
-
-
မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အရေးပေါ် အကူအညီ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာမှု အကူအညီ ယူရို ၂.၅ သန်း (အမေရိကန်ဒေါ်လာ ၂.၇ သန်းနီးပါး) ထောက်ပံ့ထားကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
EU ရဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးမဟာမင်းကြီး Janez Lenarčič က သဘာဝဘေးဒဏ် ခံစားခဲ့ရသူတွေအတွက် အရေးပေါ်ကူညီထောက်ပံ့တာတွေ အလျင်အမြန် ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မေလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
အရေးပေါ်လိုအပ်ချက်တွေ ဖြေရှင်းနိုင်ဖို့ ယူရို ၂.၅ သန်းသုံးပြီး ကွင်းဆင်းဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီလိုချက်ချင်းဆောင်ရွက်မှသာ နောက်ထပ် ပျက်စီးဆုံးရှုံးတာတွေကို တားဆီးနိုင်ပြီး လူတွေရဲ့ အသက်များစွာကို ကယ်တင်နိုင်မယ်လို့လည်း ပြောထားပါတယ်။
မေလ ၁၄ ရက်နေ့က တိုက်ခဲ့တဲ့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေရာတွေကိုသွားဖို့ ကန့်သတ်ချက်တွေရှိနေတဲ့အတွက် ပျက်စီးဆုံးရှုံးမှု အတိအကျကို မသိရသေးဘူးလို့လည်း EU က ပြောထားပါတယ်။ ဘယ်လို ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာကိုတော့ ထည့်သွင်းမပြောထားပါဘူး။
အစောပိုင်း ရရှိထားတဲ့ အချက်တွေအရ အမိုးအကာ၊ ရေ၊ အစားအစာနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မကြာခင် ရက်ပိုင်းအတွင်း မိုးကြီးနိုင်တာကြောင့် ရေကြီးတာနဲ့ မြေပြိုတဲ့ အန္တရာယ်တွေလည်း တိုးလာနေတယ်လို့လည်း EU က ထောက်ပြထားပါတယ်။
အမေရိကန်ကလည်း မုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါး ထပ်တိုးကူညီသွားမယ်လို့ မေလ ၂၃ ရက်နေ့က ပြောထားပါတယ်။