မီဇိုရမ်ကို မြန်မာဒုက္ခသည် နှစ်ထောင်ကျော် ထွက်ပြေးခိုလှုံ

မေလအတွင်းရောက်လာသူတွေအပါအဝင် မြန်မာဒုက္ခသည်စုစုပေါင်း ၃၆,၅၀၀ ကျော်ရှိနေပြီး ခရိုင် ၁၁ ခုမှာ ခိုလှုံနေကြတယ်လို့ အိန္ဒိယအရာရှိတွေက ပြောထားပါတယ်။

ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ထာရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မြန်မာပြည်တွင်းတိုက်ပွဲတွေကြောင့် ဒီလအတွင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ချင်းပြည်နယ်က ဒုက္ခသည် နှစ်ထောင်ကျော် ထွက်ပြေးရောက်ရှိလာတယ်လို့ ပြည်နယ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

အိန္ဒိယ- မြန်မာ နယ်စပ်လွတ်လပ်စွာဝင်ထွက်ခွင့် (FMR) ပိတ်ပင်မဲ့ အစီအစဉ်ကို အိန္ဒိယအစိုးရက အကောင်အထည်ဖော်နေချိန်မှာပဲ နယ်စပ်ဖြတ်ကျော်ပြီး မီဇိုရမ်ပြည်နယ်အရှေ့ဘက် ချန်ဖိုင်းခရိုင်ကို အခုလိုထွက်ပြေးခိုလှုံလာကြတာဖြစ်ပါတယ်။

မေလအတွင်းရောက်ရှိလာသူတွေအပါအဝင် မြန်မာဒုက္ခသည်စုစုပေါင်း ၃၆,၅၀၀ ကျော်ရှိနေပြီး ပြည်နယ်အတွင်း ခရိုင် ၁၁ ခုမှာ ခိုလှုံနေကြတယ်လို့ အိန္ဒိယအရာရှိတွေက ပြောထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ တွန်းဇံမြို့နဲ့ ကျီခါးမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို မေလ ၁၇ ရက်နေ့ကစပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ကာ ရက်ပိုင်းအကြာမှာပဲ အဲဒီနှစ်မြို့ကို သိမ်းယူခဲ့ပါတယ်။

အဲဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org