ရခိုင်ပြည်နယ်ဝန်ကြီးကို တာဝန်ကနေမရပ်စဲဖို့ ဆုံးဖြတ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို တာဝန်ကနေရပ်စဲရေး စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

၂၀၁၈ ဇွန်လ ၂၉ ရက်နေ့ကကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို တာဝန်ကနေ ရပ်စဲရေး စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

တာဝန်ကနေရပ်စဲဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံတဲ့ဦးရေ သုံးပုံနှစ်ပုံ မပြည့်တဲ့အတွက် စွပ်စွဲချက် မမှန်ကန်ဘူးလို့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက အခုလို ကြေညာခဲ့ပါတယ်။

"စွပ်စွဲပြစ်တင်မှုကို ထောက်ခံသည့်အရေအတွက်သည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံဖြစ်တဲ့ သုံးဆယ့်တစ်ဦး မပြည့်မီတဲ့အတွက် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ ၅ ပုဒ်မခွဲငယ် ၃ အရ အခုစွပ်စွဲပြစ်တင်မှု မမှန်ကန်ဟု ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာအပ်ပါတယ်"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို တာဝန်ကနေ ရပ်စဲပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က လွှတ်တော်ဥက္ကဌထံ တိုင်ကြားခဲ့တာပါ။

ဒီအပေါ်မှာ လွှတ်တော်ကအဖွဲ့နဲ့ စုံစမ်းစစ်ဆေးခဲ့ပြီး စွပ်စွဲချက်တွေအားလုံး မှန်ကန်ကြောင်း ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာတင်သွင်းခဲ့ပြီး ဒီနေ့ လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးအပေါ် စွပ်စွဲပြစ်တင်မှုတွေဟာ မှန်ကန်နေတယ်လို့ စုံစမ်းတွေ့ရှိထားပေမယ့် ထောက်ခံသူ သုံးပုံနှစ်ပုံမပြည့်တာကြောင့် စွပ်စွဲချက်မမှန်ကန်ဘူးလို့ဆုံးဖြတ်တာဟာ ဥပဒေအရအားနည်းချက်ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကထောက်ပြကြပါတယ်။

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းကို အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက မကြာသေးခင်က တိုင်ကြားထားတယ်လို့လည်းသိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းဘက်က တစ်စုံတရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org