အနည်းဆုံးလုပ်ခ တစ်ရက် ၄၈၀၀ ကျပ် အစိုးရ တရားဝင်သတ်မှတ်
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နာရီကို ၆၀၀ ကျပ်နှုန်းနဲ့ တစ်ရက် အနည်းဆုံးလုပ်ခ ငွေကျပ် ၄၈၀၀ ကို ပြည်ထောင်စုအစိုးရ က တရားဝင် သတ်မှတ်လိုက်ကြောင်း ဒီနေ့ မေလ ၁၄ ရက်နေ့ မှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-
2018-05-14 -
-
-
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နာရီကို ၆၀၀ ကျပ်နှုန်းနဲ့ တစ်ရက် အနည်းဆုံးလုပ်ခ ငွေကျပ် ၄၈၀၀ ကို ပြည်ထောင်စုအစိုးရက တရားဝင် သတ်မှတ်လိုက်ကြောင်း ဒီနေ့ မေလ ၁၄ ရက်နေ့ မှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီ တစ်ရက် အနည်းဆုံးလုပ်ခဟာ အလုပ်သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းတွေနဲ့ သက်ဆိုင်မှုမရှိစေရလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အနည်းဆုံးလုပ်ခ တစ်ရက် ကျပ် ၄၈၀၀ သတ်မှတ်ဖို့ "အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားအဆင့် ကော်မတီ"က ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ကတည်းက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အရင်က အလုပ်သမားတွေဟာ တစ်ရက် အနည်းဆုံးလုပ်ခ ငွေကျပ် ၃၆၀၀ ရရှိနေတာ ဖြစ်ပြီး ၅၆၀၀ ကျပ် ရရှိဖို့ အလုပ်သမားတွေက တောင်းဆိုကြတာဖြစ်ပါတယ်။
အရင်အစိုးရလက်ထက်မှာ အနည်းဆုံး လုပ်ခလစာနှုန်းထားတစ်ရပ်ကို သတ်မှတ်ပြီးနောက် အလုပ်ရှင်တွေက သီးခြားခံစားခွင့်တွေဖြစ်တဲ့ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေး၊ အပိုဆုကြေး စတဲ့ ခံစားခွင့်တွေကို လျှော့ချတာတွေ ရှိခဲ့ပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာ နှုန်းထား သတ်မှတ်နိုင်ခဲ့ပေမယ့် အလုပ်သမားဆန္ဒပြပွဲတွေ ရှိနေခဲ့ပါတယ်။
အခုမှာလည်း အလားတူ ကိစ္စရပ်တွေ ဖြစ်လာမှာကို အလုပ်သမားတွေဘက်က စိုးရိမ်မှုတွေ ရှိနေပြီး အနည်းဆုံး လုပ်ခလစာ ကျပ် ၄၈၀၀ သတ်မှတ်ကြောင်း ကြေညာပြီးနောက်ပိုင်းမှာလည်း အလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။