အနည်းဆုံးလုပ်ခနှုန်းထား မပေးတဲ့ စက်ရုံ အလုပ်ရုံတွေ ရှိနေ
အစိုးရ သတ်မှတ်ထားတဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထား တစ်ရက် ၄၈၀၀ နှုန်းထား အပြည့် မပေးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရှိနေကြောင်း အလုပ်သမားတွေက တိုင်ကြားထားတာရှိတယ်လို့ အနည်းဆုံး လုပ်ခလစာ လေ့လာစောင့်ကြည့် ကူညီပေးရေးကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
-
2018-06-11 -
-
-
အစိုးရ သတ်မှတ်ထားတဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထား တစ်ရက် ၄၈၀၀ နှုန်းထား အပြည့်မပေးတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရှိနေကြောင်း အလုပ်သမားတွေက တိုင်ကြားထားတာရှိတယ်လို့ အနည်းဆုံး လုပ်ခလစာ လေ့လာစောင့်ကြည့် ကူညီပေးရေးကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
၄၈၀၀ နှုန်းထားပြည့်အောင် မပေးတာ၊ အခြားခံစားခွင့်တွေ ဖျက်ပစ်တာ၊ အလုပ်ထုတ်ပစ်တာ စတဲ့ ပြဿနာတွေ ကြောင့် တိုင်ကြားလာတဲ့ အမှု ၁၂ မှုရှိနေတယ်လို့ အနည်းဆုံး လုပ်ခလစာ လေ့လာစောင့်ကြည့် ကူညီပေးရေး ကော်မတီ အဖွဲ့ဝင် ကိုနေလင်းအောင် က ပြောပါတယ်။
"လာပြီးတော့ ဆွေးနွေးတာ ၂၅ မှု ရှိတယ်၊ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့က ပြီးခဲ့တဲ့လက လစာ ဘယ်လောက် ပါ၊ လစာထုတ်လိုက်တဲ့အခါမှာ လစာမပြည့်တာတို့၊ ၄၈၀၀ တော့ပေးတယ်၊ တခြားခံစားခွင့်တွေ မပေးတော့တာ တို့ ဆိုတာမျိုး လစာစလစ်ကို ယူလာခဲ့ပါလို့ ကျနော်တို့က ဆွေးနွေးတဲ့အခါမှာ လက်ရှိ ကျနော်တို့ဆီမှာ လာပြီး ရှင်းနေတဲ့ စက်ရုံ ၁၂ ရုံ ရှိပါတယ်ဗျ၊ ၄၈၀၀ ပြည့်အောင် မပေးတဲ့ စက်ရုံပါတယ်၊ ၄၈၀၀ ပေးတဲ့အတွက် အခြား ခံစားခွင့်တွေ ဖြုတ်လိုက်တဲ့စက်ရုံ ပါတယ်၊ ၄၈၀၀ ကျတဲ့အတွက် အလုပ်ထုတ် လိုက်တဲ့စက်ရုံပါတယ်၊ ၄၈၀၀ မပေးနိုင်ဘူးလို့ ပြောတဲ့စက်ရုံတွေပါတယ်"
အနည်းဆုံး အခကြေးငွေနှုန်းထား စတင်သတ်မှတ်လိုက်တဲ့ အချိန်ကစပြီး မေလ ၃၁ ရက်နေ့ အထိကို ကော်မတီထံ တယ်လီဖုန်းနဲ့ ဆက်သွယ်တိုင်ကြားတဲ့ အမှု ၁၀၀ လောက် ရှိခဲ့ပေမယ့် လူကိုယ်တိုင်လာရောက် တိုင်ကြားထားတဲ့ ၂၅ မှုထဲက ၁၂ မှုကို အရင်ဖြေရှင်းပေးနေရတာလို့ ဆိုပါတယ်။
တိုင်ကြားလာတဲ့ အမှုတွေနဲ့ပတ်သက်ပြီး ကော်မတီက စက်ရုံဘက်နဲ့ တိုက်ရိုက် ဖြေရှင်းပေးတာတွေ ရှိသလို စက်ရုံ ဘက်နဲ့ ဆက်သွယ်လို့မရရင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ တိုင်ကြားတာ တွေ ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
လက်ရှိဖြေရှင်းပေးနေရတဲ့ အမှုတွေဟာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ နဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တွေမှာရှိတဲ့ အထည်ချုပ်၊ ဗလာစာအုပ် နဲ့ အုတ် စတဲ့ စက်ရုံတွေက အရေးကိစ္စတွေ ဖြစ်တယ် လို့ သိရပါတယ်။
အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နာရီကို လုပ်ခ ကျပ် ၆၀၀ ကျပ်နှုန်းနဲ့ တစ်ရက် အနည်းဆုံးလုပ်ခ ငွေကျပ် ၄၈၀၀ ကို ပြည်ထောင်စုအစိုးရက ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကစပြီး တရားဝင် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အရင်အစိုးရ လက်ထက်က အနည်းဆုံးလုပ်ခ ၃၆၀၀ သတ်မှတ်ပြီးနောက်မှာလည်း အလုပ်ရှင်တွေက သီးခြား ခံစားခွင့်တွေဖြစ်တဲ့ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေး၊ အပိုဆုကြေး စတဲ့ ခံစားခွင့်တွေကို လျှော့ချတာတွေ ရှိခဲ့တဲ့ အတွက် အလုပ်သမား ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။