မိုင်းတောင်ဒေသခံ ၁၅၀ လောက် ထွက်ပြေးတိမ်းရှောင်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု မိုင်းတောင်ကျေးရွာမှာ မနေ့ညက တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ဟာ မိုင်းတောင်ကျေးရွာ အပြင်ဘက်ကနေ သေနတ်တွေပစ်ဖောက်ခဲ့သလို ရွာလမ်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁၅၀ လောက်ဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ဒီကနေ့မနက်မှာ ထွက်ပြေးလာကြပါတယ်။
-
2017-10-30 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု မိုင်းတောင်ကျေးရွာမှာ မနေ့ညက တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ဟာ မိုင်းတောင်ကျေးရွာ အပြင်ဘက်ကနေ သေနတ်တွေပစ်ဖောက်ခဲ့သလို ရွာလမ်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁၅၀ လောက်ဟာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ဒီကနေ့မနက်မှာ ထွက်ပြေးလာကြပါတယ်။
ထွက်ပြေးလာသူတွေကို ရွာဘုန်းတော်ကြီးကျောင်းမှာ နေရာချထားပေးပြီး လိုအပ်တာတွေ ကူညီပေးနေတယ်လို့နားဆိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က ပြောပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တွေရော၊ အီနိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေရော၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ရယ် နောက်ပြီးတော့ လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနက ဒုဦးစီးနဲ့အဖွဲ့တွေရယ် လာကူညီကြပါတယ်"
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ကတော့ ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၄၀ အတွက် တစ်အိမ်ထောင်ကို အခြေခံကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးအပြင် လူတစ်ဦးကို ကျပ် ၂၄၀၀နှုန်းနဲ့ လူ ၁၄၆ ဦးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးလာသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအများဆုံးပါဝင်ပြီး အမျိုးသားတွေက နေအိမ်တွေကို စောင့်ဖို့ကျန်ခဲ့ကြတယ်လို့သိရပါတယ်။ မနေ့ညပိုင်းမှာ TNLA တပ်ဖွဲ့ဟာ ကျေးရွာအတွင်းက အိမ်တွေမှာ တစ်အိမ် ကို ၅ ယောက်နှုန်း အိပ်စက်ခဲ့ကြသလို ရွာအပြင်မှာလည်း နေထိုင်ကြသူတွေရှိတယ်လို့ထွက်ပြေးလာတဲ့ မိုင်းတောင်ကျေးရွာသူ ဒေါ်မိုင်ဆာက ပြောပါတယ်။ ဒီမနက်မှာတော့ TNLA တပ်ဖွဲ့တွေရွာအတွင်းကနေ ပြန်လည်ထွက်ခွာသွားတယ်ဆိုတဲ့ သတင်းတွေကြားရပေမယ့် အတိအကျကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
မိုင်းတောင်ကျေးရွာဟာ နမ္မတူမြို့နဲ့ လားရှိုးမြို့အစပ်မှာရှိတာဖြစ်ပြီး အိမ်ထောင်စု ၇၀ လောက်နေထိုင်တဲ့ ကျေးရွာဖြစ်သလို ပလောင်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။
ကျေးရွာအတွင်းမှာ မူလတန်းကျောင်းတစ်ကျောင်းသာရှိတာဖြစ်ပြီး လက်ရှိမှာ ကျေးရွာစာသင်ကျောင်းကိုပါ ပိတ်ထားတယ်လို့ မူလတန်းပြဆရာမတစ်ဦးက ပြောပါတယ်။
နမ္မတူမြို့နယ်နဲ့လားရှိုးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကြာခဏ လှုပ်ရှားသွားလာလေ့ရှိသလို တိုက်ပွဲတွေလည်း မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ဒေသခံတွေ မကြာခဏဆိုသလို စစ်ဘေးတိမ်းရှောင်ရလေ့ရှိပါတယ်။