မင်းပြားမှာ တိုက်ပွဲဖြစ်၊ ရွာသား ၁၀ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာကို ဒီနေ့မနက်က လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ရွာသား ၁၀ ဦးဒဏ်ရာရပြီး အဲဒီအထဲက နှစ်ဦးကိုတော့ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။

မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာထဲက လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသူတွေကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ ရက်နေ့က မင်းပြား ပြည်သူ့ဆေးရုံကို လာရောက်ပို့ဆောင်စဥ် Photo: Citizen Journalist

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာထဲကို ဒီနေ့မနက် ၉ နာရီဝန်းကျင်လောက်က လက်နက်ကြီးနဲ့ ငါးချက်ပစ်ခတ်ခံရတဲ့အတွက် ရွာသား ၁၀ ဦး ထိခိုက်ဒဏ်ရာတွေရရှိသွားကြတယ်လို့ လူကြီးပိုင်းအရွယ် ရွာသားတွေကပြောပါတယ်။

ဒီနေ့မနက် ၅ နာရီလောက်က ကုလားမတောင်ရွာရဲ့ အရှေ့ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ တောင်တန်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ် ခံရတာလို့ ရွာသားတွေကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက အခုလိုပြောပါတယ်။

ဒီနေ့မနက် ငါးနာရီလောက်က ကျနော်တို့ ကုလားမတောင်ရွာအရှေ့ဘက်တောင်တန်းမှာ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာက တောင်တန်းတွေကိုလည်း လေယာဉ်နဲ့လာပြီးတော့လည်း ပစ်တယ်။ ကျနော်တို့ရွာကိုလည်း လက်နက်ကြီးနဲ့ပစ်လို့ လူ ၁၀ ယောက် ဒဏ်ရာရသွားတယ်။ အဲဒီအထဲက လူ သုံးယောက်လောက်ကတော့ နည်းနည်းလောက်စိုးရိမ်ရတယ်”

ဒဏ်ရာရသူ ၁၀ ဦးထဲက သုံးဦးကို မင်းပြားပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး အဲဒီအထဲက အသက် ၅၅ နှစ်အရွယ် ဒေါ်မသိန်းကြည်၊ အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝင်းစိန် ကိုတော့ ဒီနေ့ညနေမှာ စစ်တွေဆေးရုံကြီးကို အရေးပေါ် ဆက်လက်ပို့ဆောင်လိုက်ရပါတယ်။

ရွာထဲကိုလက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် ပေါက်ကွဲတဲ့ လက်နက်အစတွေထိမှန်တာလို့ ဒဏ်ရာရလူနာ နှစ်ဦးနဲ့အတူ စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ကုလားမတောင်ကျေးရွာ ဆရာတော် ဦးပညာဝုဓ ကမိန့်ပါတယ်။

အရေးပေါ်လူနာက နှစ်ယောက်ပါလာတယ်။ ဒါကာတစ်ယောက်နဲ့ ဒါကာမတစ်ယောက်။ ကျတာကတော့ လက်နက်ကြီးတွေက ရွာကိုထိတယ်။ ရွာကိုမှန်တယ်။ တိုက်ပွဲတွေက အနီးနားမှာဖြစ်နေတော့ ပြေးတဲ့သူပြေး။ ဒါနဲ့ဦးဇင်းတို့ကလည်း လူနာကအရေးကြီးတယ်ဆိုပြီးတော့ ဒီကိုလာတာ”

ဒီနေ့မနက်က ကုလားမတောင်ကျေးရွာကိုကျရောက်တဲ့ အဲဒီလက်နက်ကြီးဟာ မင်းပြားမြို့မှာရှိတဲ့ တပ်မတော် တပ်ရင်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကိုလှမ်းပစ်ရာမှာ ကျေးရွာထဲကိုကျရောက်ခဲ့တာလို့ လည်း ရွာသားတွေက ယူဆနေကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အခုလိုပြောပါတယ်။

တိုက်ပွဲက မြို့နယ် သုံးခုလောက်မှာ တစ်ပြိုင်တည်းဖြစ်တယ်ဗျ။ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၆ နာရီကစပြီးတော့ ၉ နာရီခွဲအထိပေါ့နော် မင်းပြားမြို့နယ် ဖားပြိုရွာအနီးမှာရှိတဲ့ ရန်သူ့စခန်းတစ်ခုကို ကျနော်တို့ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာရှိတယ်။ နောက်ပြီးလို့ရှိရင် မနက် ၆ နာရီ ၁၈ မိနစ်မှာ မင်းပြားမြို့နယ် သလူချောင်းရွာရဲ့အရှေ့မြောက်ဘက်ပေါ့နော် မင်းဖူးတောင်တန်းမှာရှိတဲ့ ရန်သူ့အထိုင်စခန်းတစ်ခုကိုလည်းပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပဲ ကျနော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာရှိတယ်။ ဆိုတော့ ကုလားမတောင်ရွာကို မင်းပြားဘက်ကနေပြီးတော့ ဗမာစစ်တပ်က လက်နက်ကြီးနဲ့လှမ်းပစ်တာရှိတယ်လို့သိရတယ်”

တပ်မတော်က တိုက်ပွဲဖြစ်တဲ့တောင်တန်းတွေကို ရဟတ်ယာဉ်တွေနဲ့ ဒီနေ့ညနေပိုင်းအထိ လာရောက်ပစ်ခတ် နေဆဲဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။

ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအပြင် တပ်မတော်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ရွာသားတွေဒဏ်ရာရတယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဒီနေ့ညနေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒီနေ့မနက်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ရွာသား ၁၀၀၀ ခန့်လောက်ဟာ ဝါးတောင်၊ မင်းဖူးရွာတွေကို ဒီနေ့မနက်က ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org