ရခိုင်မြို့နယ် လေးခုမှာ တိုက်ပွဲပြင်းထန်၊ ဒေသခံတွေ ထွက်ပြေးနေရ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွားအနီးမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ မနေ့ ညနေပိုင်းကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီကနေ့မနက်ပိုင်းအထိ ရပ်နားခြင်း မရှိသေးဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
-
ဝေယံမိုးမြင့်
2019-10-29 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွားအနီးမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ မနေ့ ညနေပိုင်း ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ဒီကနေ့မနက်ပိုင်းအထိ ရပ်နားခြင်း မရှိသေးဘူးလို့ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
ရွာအနီး တောင်ကုန်းမှာ အခြေပြုထားတဲ့ တပ်မတော်လက်နက်ကြီးစခန်းကို AA က လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
"ဝင်တိုက်တာတော့ မဟုတ်ပါဘူး၊ အဝေးကနေ နှောင့်ယှက်ပစ်တွေ ပစ်နေတာပါ ဝင်မသိမ်းနိုင်ပါဘူး၊ တောထဲမှာရှိတဲ့ စခန်းတစ်ခုကို သူတို့ဝင်ပြီးသိမ်းလို့မရဘူး၊ အဲဒီလောက်ထိ မလုပ်ရဲဘူး၊ အခုချနေပြီ ရရင်ပြောမယ်၊ ပန်းမြောင်းအရှေ့ဘက် သူတို့ပြောတဲ့နေရာမှာ အခုချနေပြီ"
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကလည်း တပ်မတော်ရဲ့ အဲဒီစခန်းကို သူတို့ ဝင်ရောက်တိုက်ခိုက်တယ်လို့ အတည်ပြုပါတယ်။
"အောက်တိုဘာလ ၂၇ ရက်နေ့မှာ မင်းပြားမြို့နယ် ပန်းမြောင်းရွာရဲ့ အရှေ့မြောက်ဘက် ပွိုင့် ၂၀၃ တောင်ကုန်းမှာ အခြေပြုထားတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးစခန်းကို ရခိုင့်တပ်တော်က စီးနင်း တိုက်ခိုက်ခဲ့တာရှိတယ်"
ပန်းမြောင်းရွာနဲ့ ရွှေကျင်ကျေးရွာအနီးက တောင်တန်းတွေပေါ်မှာ တိုက်ပွဲဖြစ်နေကြတာ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက ဖြစ်ပွားနေတာဖြစ်ပြီး ကျေးရွာကနေ အသံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြစ်ပွားတဲ့နေရာကို ရွာကနေ လှမ်းမြင်ရပြီး ဒီနေ့နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ် သုံးစီးက ဗုံးကြဲတိုက်ခိုက်နေတာမြင်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့ ၁ နာရီခွဲ ပတ်ဝန်းကျင်လောက်က ရဟတ်ယာဉ် သုံးစီးလာပြီးတော့ ပန်းမြောင်းကြီးအရှေ့မြောက်ဘက် ရွှေကျင်ကြီးအနောက်မြောက်ဘက် တောင်ရိုးတွေကို လာပစ်တာတွေ့ပါတယ်၊ တိုက်ပွဲက ၃ ရက် ၄ ရက် ဆက် တိုက်ဖြစ်နေတာ ကျွန်တော်တို့ကြားပါတယ်။ ရွာကနေ လှမ်းမြင်နေရတဲ့အနေအထား အသံလည်းကြားပါတယ်၊ ရွာသားတွေကတော့ ထိခိုက်မှုမရှိပါဘူး၊ လက်နက်ကြီး လက်နက်ငယ်အသံတွေတော့ အမြဲကြားနေရပါတယ်"
တိုက်ပွဲဖြစ်ပွားတဲ့နေရာက ကျေးရွာနဲ့ အလှမ်းဝေးတဲ့အတွက် ရွာမှာတော့ ထိခိုက်တာမရှိသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ပန်းမြောင်းရွာအနီးမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေး နှစ်ဦး၊ ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးတို့ သေဆုံးသွားခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ယာဉ်ပေါ်လိုက်ပါလာတဲ့ ရဲနဲ့ တပ် မတော်သားတွေအပါအဝင် ခရီးသည် ၅၀ ကျော်ကို AA ဖမ်းဆီးသွားတဲ့ဖြစ်ရပ်နောက်ပိုင်းမှာတော့ နှစ်ဘက်တိုက် ပွဲတွေဟာ ရသေ့တောင်၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သာစည်နဲ့ရွှေပြည်ကျေးရွာအရှေ့ဘက်မှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် မီးခိုးလုံးကြီးတွေ တက်လာတာကို အဝေးကနေလှမ်းမြင်ရကြောင်း ရွာသားတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကတော့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။
လက်နက်ကြီး လက်နက်ငယ်အသံတွေတော့ အမြဲကြားနေရပါတယ်
ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ ထီးစွဲရွာကြားမှာ ဒီနေ့မနက်က မိုင်းတစ်လုံးပေါက်ကွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံကြားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနေ့ကမနက်ပိုင်းမှာလည်း ရသေ့တောင်မြို့နယ် ရေစိုးချောင်း ရွာမှာရှိတဲ့ တပ်မတော်ဗျူဟာကို AA အဖွဲ့က လက်နက်ကြီးတွေ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ကိုတော့ AA နဲ့ တပ်မတော် နှစ်ဘက်စလုံးက အတည်ပြုပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း စစ်ရေးအခြေအနေတွေ ပိုမိုပြင်းထန်လာလို့ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ဒေသခံတွေဟာလည်း ပိုများလာနေပါတယ်။
ဘူးသီးတောင်မြို့နယ်က ကျေးရွာအချို့ကိုလည်း မနေ့က တပ်မတော်က လက်နက်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် လာတဲ့အတွက် စည်တောင်၊ သပြေကန်ကျေးရွာတွေက ဒေသခံအတော်များများဟာ ရသေ့တောင်မြို့နယ်က ကျေးရွာတွေထဲကို မနေ့ကစပြီး ထွက်ပြေးလာကြပါတယ်။
ဘူးသီးတောင်မြို့နယ်ကနေ ရသေ့တောင်မြို့နယ်ကို မနေ့ကညနေ မိသားစုနဲ့အတူ ထွက်ပြေးလာတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
"ဟိုရွာတွေ ဒီရွာတွေမှာ သူတို့က ရိုက်တယ် နှိပ်စက်တယ်၊ အဲဒီအခါကြတော့ ကျွန်တော်တို့ ကြောက်လန့်ပြီး ပြေးလာတာ၊ အခြားလူတွေလည်း အကုန်လုံးထွက်ပြေးလာရတယ်။ အခြားရွာတွေကလည်း ပြေးကြရတယ်၊ ကိုယ့်မှာ ဆွေမျိုးသားချင်းရှိတဲ့ရွာကိုပဲ ခိုလှုံကြရတာပါ၊ AA က ဘာမှမလုပ်ဘူး ပြည်သူလူထုကိုလည်း မနှောင့် ယှက်ဘူး AA နဲ့ဆို ပြောစရာမလိုဘူး၊ ဒါပေမဲ့ နိုင်ငံတော်အစိုးရကိုပဲ ကြောက်လို့ ပြေးတာပါ"
ပြီးခဲ့တဲ့မေလက ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ ရွာသားတွေကို တပ်မတော်က ထိန်းသိမ်း စစ်ဆေးနေစဉ် ရုတ်ရုတ်သဲသဲဖြစ်လို့ ပစ်ခတ်ခံရတာ၊ တပ်မတော်က သံသယနဲ့ ဖမ်းဆီးစစ်ဆေးစဉ်ကာလမှာလည်း သေဆုံးတာတွေဟာ ၁၅ ဦး ခန့်ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေဟာ ဒေသခံတွေအကြားမှာ တပ်မတော်အပေါ် စိုးရိမ်ကြောက်လန့်မှု ပိုမိုကြီးထွားစေခဲ့ပါတယ်။
အလားတူ ဘူးသီးတောင်မြို့နယ်က သစ်တပုတ်၊ ကျောက်ပြင်ဆိပ်ကျေးရွာတွေက ဒေသခံတွေဟာ နယ်မြေချင်း ကပ်နေတဲ့ ရသေ့တောင်မြို့နယ်က အုန်းချောင်း၊ သမီးလှရွာဟောင်း၊ အုတ်ဖို၊ ဇေယျာမြိုင်၊ ဆင်ခုံးတိုင်၊ ကြိန်ကျော်၊ မာန်အောင်စတဲ့ကျေးရွာတွေကို မနေ့ကနဲ့ ဒီနေ့တွေနဲ့ တဖြည်းဖြည်း ထွက်ပြေးရောက်ရှိလာကြတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
မနေ့ကစပြီး ထွက်ပြေးနေကြရတာ ဒီနေ့အထိ လူ ရာပေါင်းများစွာရှိတယ်လို့ ဒေသတွင်း အကူအညီပေးနေသူတွေက ခန့်မှန်းကြပါတယ်။ အသေးစိတ်စာရင်း ကောက်ယူထားတာတော့ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ တစ်နှစ်နီးပါးကြာမြင့်ပြီးဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ခုနှစ်သောင်းကျော်ရှိနေပြီဖို့ အရပ်ဖက်အဖွဲ့စာရင်းတွေအရသိရပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အတွက် စာရင်းထပ်မံတိုးမြင့်လာဖို့ ရှိနေပါတယ်။