ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ တိုက်ရိုက်ဆင့်ခေါ်မှုတွေရှိလာ
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်မှုထမ်းစာရင်းထဲပါသူတွေကို အရင်လို မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ တိုက်ရိုက်ဆင့်ခေါ်နေတယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2025-02-21 -
-
-
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်မှုထမ်းစာရင်းထဲပါသူတွေကို အရင်လို မဲနှိုက်ရွေးချယ်တာမဟုတ်ဘဲ တိုက်ရိုက်ဆင့်ခေါ်နေတယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြောပါတယ်။
သာပေါင်းမြို့နယ်ထဲက ရွှေရောင်ချ၊ ကမ်ဘဲ့ (ကမ္ဘဲ့)၊ မရမ်းချို၊ လှေကြီးတက်စတဲ့ ကျေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်စုတစ်ခုကို အရပ်သား သုံးဦးကနေ ငါးဦးအထိ စစ်မှုထမ်းရမဲ့ လူနာမည်နဲ့ ဆင့်ခေါ်စာ ပေးပို့လာတာလို့ ဆိုပါတယ်။
စစ်မှုထမ်းစာရင်းပါသူတွေကို ဧရာဝတီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကနေ တိုက်ရိုက်ဆင့်ခေါ်တာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကိုလာပြီး ဆင့်ခေါ်စာတွေ ပေးပို့လာတာလို့ ဒေသခံတွေက ပြောပါတယ်။
သာပေါင်းမြို့နယ်က ကမ်ဘဲ့နဲ့ ရွှေရောင်ချ ကျေးရွာအုပ်စုမှာ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်လာပြီး စစ်မှုထမ်းမဲ့သူနာမည်ပါတဲ့ စာအိတ်တွေ ပေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာတယ်။ ကမ်ဘဲ့အုပ်စုအတွက်၊ ရွှေရောင်ချအုပ်စုအတွက်ဆိုပြီး စာအိတ်နှစ်အိတ် ပါလာတယ်။ အဲဒါ ဆယ်အိမ်ခေါင်းတို့၊ ရာအိမ်မှူးတို့၊ အုပ်ချုပ်ရေးမှူးတို့ အကုန်လုံးခေါ်တယ်။ ခေါ်လည်းပြီးရော သူတို့ရှေ့မှောက်မှာ ခင်ဗျားတို့ရပ်ကွက်အတွက်၊ ခင်ဗျားတို့ကျေးရွာအုပ်စုအတွက် ရော့ကိုယ့်ဟာကိုယ်ဖွင့်ဆိုပြီး စာအိတ်တွေ ဖွင့်ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးတွေက တုန်တုန်ရီရီနဲ့ပေါ့လေ၊ ဖွင့်ဖို့ကို ကြောက်နေတယ်။ စာအိတ်ဖွင့်လိုက်တဲ့အခါကျတော့ ကျေးရွာအုပ်စုထဲက သုံးယောက်တစ်တွဲ၊ လေးယောက်တစ်တွဲ ပါတယ်"
သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စုမှာလည်း စစ်မှုထမ်းဖို့အတွက် စစ်မှုထမ်းစာရင်း ပါဝင်သူ ငါးဦးရဲ့ စာအိတ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ပေးပို့လာတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်မှုထမ်းစာရင်းမှာပါဝင်သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မိသားစုကို ဆက်သွယ်ပေးပို့ရမှာဖြစ်သလို စစ်မှုထမ်းဆင့်ခေါ်စာ လက်ခံရရှိကြောင်းလည်း မိသားစုက လက်မှတ်ထိုးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် သာပေါင်းမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့နဲ့ ရုံးစာရေးတချို့ နုတ်ထွက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
၂၀၂၄ ခုနှစ်၊ မေလက ဖျာပုံမြို့နယ်၊ အမာမြို့က လူငယ် လေးဆယ်ထက်မနည်းကို ပြည်သူ့စစ်မှုထမ်းအပတ်အစဉ် (၂) အတွက် မဲနှိုက်ရွေးချယ်မှုမလုပ်ဘဲ စာအိတ်နဲ့ ဆင့်ခေါ်စာပေးပို့ပြီး ခေါ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်း သင်တန်းအပတ်စဉ် (၁၀) အထိ သင်တန်းပေးနေပြီး အဲဒီအထဲမှာ အတင်းအကျပ်ဖမ်းဆီးခံရသူတွေ ပါဝင်နေတယ်လို့ စစ်မှုထမ်းစောင့်ကြည်သူတွေက ပြောပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆိုထားပါတယ်။