ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိဖို့ ဒုစစ်ခေါင်းဆောင် ပြော

RFA Burmese
2024.12.28
ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိဖို့ ဒုစစ်ခေါင်းဆောင် ပြော ပုသိမ်မြို့ရှိ ပြည်သူ့စစ်မှုထမ်းများအား စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံခဲ့စဥ်။
MOI Photo

ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိကြဖို့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ ၂၇ ရက် မနေ့က ဧရာဝတီတိုင်း၊ ပုသိမ်ခရီးစဉ်မှာပြောတဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ပုသိမ်မြို့က နယ်မြေခံ စစ်သင်တန်းကျောင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ပြည်သူ့စစ်မှုထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့၊ စစ်ရေးသတိရှိဖိုနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ရှိနေဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဧရာဝတီတိုင်းကို စစ်ကောင်စီဘက်က ဒုတိယစစ်ခေါင်းဆောင် ကိုယ်တိုင်ဆင်းလာပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်က ဂွအထိကို စစ်ဖြစ်နေတော့ ဧရာဝတီနဲ့ အဆက်အစပ်ဖြစ်နေတော့ ဧရာဝတီတပ်တွေကို နည်းနည်းလာကြည့်တဲ့သဘော နေမှာပေါ့။ စည်းရုံးရေး လာဆင်းတာ၊ စစ်ရေးအခြေအနေကို ကြိုတင်ပြင်ဆင်ဖို့ လာပြီးတော့ လာလုပ်တဲ့ အနေအထားပဲဖြစ်မှာပေါ့”

ဧရာဝတီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတိုက်ခိုက်နေတာကြောင့် ဂွမြို့သိမ်းတိုက်ပွဲပြီးရင် ဧရာဝတီတိုင်းကို ထိုးစစ်ဆင်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ တိုင်းစစ်ဌာန (ဧရာဝတီ) စတင်ဖွဲ့စည်းထားပါတယ်။

ဧရာဝတီတိုင်းရဲ့ အမှတ် (၂၉) ဗျူဟာကိုလည်း ဒီဇင်ဘာ ၂၇ ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့တာကြောင့် ဧရာဝတီတိုင်းမှာ စစ်ပွဲတွေဖြစ်ပေါ်ဖို့ ပိုပြီးနီးစပ်လာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

အမည်မဖော်လိုသူ
2024-12-28 10:07

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် ကျေးရွာ အချို့တွင် မြို့နယ်ရဲစခန်းနှင့်ပေါင်း၍စစ်ကောင်စီခန့်အုပ်ကြီးများ ရာအိမ်မှူးများမှ အနုနည်းဖြင့် ၂လတစ်ကြိမ် တစ်အိမ်ထောင် ငွေ၅သောင်းကျပ် ကောက်ယူနေပြီး မပေးပါက စစ်မှုထမ်းရမည့် စာကိုယ်ရေးအချက်အလက်စာရွက်ကို ဖြည့်ရမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်သည့်အပြင် အဝေးရောက်လျှင်ပြန်ခေါ်ပေးရမည်ဖြစ်ကြောင်း မခေါ်ချင်လျှင်သူတို့တောင်းသည့်ငွေအားပေးရမည်ဖြစ်ကြောင်း နေ့စဥ်မပြတ် တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်လှံခြိမ်းခြောက်ပြောဆိုနေပါသည်