စစ်ကောင်စီကို အားပေးအားမြှောက်ပြုသူတွေ NUG အရေးယူမည်

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်တဲ့ အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း NUG က ကြေညာပါတယ်။

အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ Myanmar Military

အကြမ်းဖက် စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်ခြင်းဟာ ပြည်သူ့ဆန္ဒကို သွေဖည်ပြီး ပြည်သူကို ဖိနှိပ်သတ်ဖြတ်မှုတွေကို အားပေးအားမြှောက် ပြုတာဖြစ်တဲ့အတွက် အဲဒီအဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁၅ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲကတဆင့် ပေါ်ပေါက်လာမယ့် လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေဟာ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ လွှတ်တော်တွေ အစိုးရအဖွဲ့တွေ ဖြစ်လာမှာမဟုတ်ဘဲ စစ်ကောင်စီရဲ့ ရုပ်သေးအစုအဖွဲ့တွေသာ ဖြစ်လာမှာလို့ ရေးသားထားပါတယ်။

NUG အစိုးရ အနေနဲ့ စစ်ကောင်စီရဲ့လက်အောက်ခံအဖွဲ့အစည်းတွေ၊ အလိုတူ အလိုပါတွေ၊ အားပေးအားမြှောက်ပြုတဲ့ အဖွဲ့အစည်းတွေအားလုံးကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် ဖို့ တာဝန်ရှိတဲ့အတွက် ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org