လဝက အချက်အလက်နဲ့မကိုက်တဲ့ ဆင်းမ်ကတ်တွေကို ပိတ်မယ်လို့ စစ်ကောင်စီကြေညာပြန်
မိုဘိုင်းဖုန်းသုံးစွဲသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ သုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွဲနေတဲ့ နံပါတ်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီက ဒီနေ့ကြေညာလိုက်ပါတယ်။
- 2022-11-08
-
-
-
မိုဘိုင်းဖုန်းသုံးစွဲသူတွေ ဆင်းမ်ကတ်မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ သုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွဲနေတဲ့ နံပါတ်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီက ဒီနေ့ကြေညာလိုက်ပါတယ်။
မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၂၃ ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား တိုက်ဆိုင်စစ်ဆေးဖို့နဲ့ မကိုက်ညီဘူးဆိုရင် ပြင်ဆင်ဖို့၊ ဇန်နဝါရီလကုန်အထိ မပြင်ထားတဲ့ နံပါတ်တွေကို ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့ ဒီနေ့မှာ စစ်ကောင်စီ ကကြေညာခဲ့တာပါ။
အရင်က စစ်ကောင်စီက ဆင်းမ်ကတ်တွေကို မှတ်ပုံတင်ဖို့ ဖိအားပေးခဲ့ပြီး အခုသုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနစာရင်းနဲ့ ကိုက်ညီဖို့ ထပ်မံလုပ်ဆောင်လာတာဖြစ်ပါတယ်။
မန္တလေးမြို့က မိုဘိုင်းဖုန်း အရောင်းဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦးက
“ သူတို့အဲ့လိုလုပ်မယ်ဆိုရင်တော့ တော်တော်များများပိတ်ခံရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှတ်ပုံတင်ရမယ်ဆိုတုန်းက လူကြီးတွေက ဆိုင်မှာလာတင်ကြတယ်။ ဝန်ထမ်းတွေရဲ့ နာမည်နဲ့ပဲ တော်တော်များများက မှတ်ပုံတင်လိုက်ကြတာ။ အဲ့လိုမျိုးတွေပဲများကြတယ်” လို့ပြောပါတယ်။
ကိုက်ညီမှုမရှိတဲ့ နံပါတ်တွေကို MPT ၊ ooredoo၊ Mytel အရောင်းဆိုင်နဲ့ ဝက်ဆိုဒ်တွေမှာ သွားရောက် ပြင်ဆင်နိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာအသံနဲ့ ရုပ်မြင်သံကြားက နိုဝင်ဘာလ ၈ ရက်နေ့ ည ၈ နာရီသတင်းမှာ ကြေညာခဲ့ပါတယ်။
“စစ်ကောင်စီက အခုရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာရှိတယ်။ အဲ့ဒီတော့ Social Media တွေကို ထိန်းချုပ်ချင်တယ်။ အဲ့ဒါကြောင့် အခုလိုတွေ လိုက်လုပ်နေတာလို့ မြင်ပါတယ်။ လူငယ်တွေ တော်တော်များများကလည်း တော်လှန်ရေးမှာ ပါဝင်နေကြတာဆိုတော့ ရွေးကောက်ပွဲကို အွန်လိုင်းကနေတဆင့် ဆန့်ကျင်တာတွေရှိလာမယ်။ ဒါကိုထိန်းချုပ်ဖို့ လိုက်ကြပ်နေတာလို့ထင်ပါတယ်။” လို့ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက RFA ကိုပြောပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း ပြည်နယ်တွေမှာ ဖုန်းလိုင်းတွေဖြတ်ထားတာ၊ အင်တာနက်အသုံးပြုခွင့်ပိတ်ပင်တာတွေရှိသလို ကချင်နဲ့ ရခိုင်ပြည်နယ်က နေရာတချို့မှာလည်း အင်တာနက်လိုင်းတွေဖြတ်တောက်ထားပါတယ်။
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ MPT ဆင်းမ်ကတ် သုံးစွဲသူ သန်း ၂၀၊ အက်တမ်အဖြစ်အမည်ပြောင်းလိုက်တဲ့ Telenor သုံးစွဲသူ ၁၈ သန်း၊ ooredoo သုံးစွဲသူ ၁၅ သန်းနဲ့ စစ်ကောင်စီပိုင် Mytel သုံးစွဲသူ ၁၀ သန်းကျော် ရှိပါတယ်။