အမ်းတောင်ကြားလမ်းမှာ စစ်ကားတွေကို အရှိုချင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း ငဖဲမြို့နယ်မှာ အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင်တပ်ရင်း (၂) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အရှိုချင်း ကားကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ Asho Chin Defence Force - ACDF Photo

မကွေးတိုင်း ငဖဲမြို့နယ်မှာ အမ်း-ပဒါန်းကားလမ်းပိုင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင်တပ်ရင်း (၂) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ACDF က ထုတ်ပြန်ပါတယ်။

အန်း-ပဒါန်းကားလမ်း စပ်စီရွာအနီးက ဝက်စာကျင်းလမ်းဆုံမှာ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီးနဲ့ ဆိုင်ကယ်နှစ်စီး အမ်းတောင်ကြားလမ်း အတိုင်းဆင်းလာတာကို သတင်းအတိအကျရလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ဆယ်ဦးခန့် သေဆုံးတယ်လို့ ACDF က ပြောပါတယ်။

သေဆုံးထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ် အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနာချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသလို မဟာမိတ်တပ်ဖွဲ့တွေကလည်း မြေပြင်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ဒီအခြေအနေကြောင့် အမ်းမြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လေကြောင်းကနေ ပေးဖို့တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားကိုသာ အဓိက အားကိုးနေရတယ်လို့ ဆိုပါတယ်။

အမ်းမြို့မှာ ဒီနေ့အထိတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို လက်မလွှတ်ရရေး လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org