အမ်းကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးကင်းထောက် စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပါတယ်။
-
RFA Burmese
2024-12-21 -
-
-
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးကင်းထောက် စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးသွားတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေက RFA ကို ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံက အင်အား ၃၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ကို ငဖဲမြို့နယ် စပ်စီကျေးရွာအနီးက ဝက်စကျင်းလမ်းဆုံမှာ အရှိုချင်းကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ အရှိုချင်းကာကွယ်ရေးတပ်တို့ မိနစ်၃၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးသလို ဗိုလ်ကြီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရတယ်လို့ ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေက RFA ကို ပြောပါတယ်။
“ကားခြောက်စီးက ရှေ့မတိုးဘဲ အလောင်းနဲ့ လူနာတွေကို ပြန်တင်ပြီး နောက်ဆုတ်သွားကြပါတယ်။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝက်စကျင်းရွာနဲ့ စပ်စီရွာသား လူငယ်တွေကို မတရားဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ လူငယ်တွေ ရှောင်ကြတယ်။ ဖမ်းလို့မရတော့ ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်”
စစ်ကောင်စီတပ်သား ၁၄ ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ငဖဲမြို့နယ် ရန်အောင်မြေဘုရားကုန်းကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ စပ်စီဘုန်းကြီးကျောင်းမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်နဲ့ ကပစ (၁၀) တပ်တို့ပူးပေါင်းပြီး ကားလေးစီးနဲ့ စစ်ကူလာခဲ့တယ်လို့ ACDF ရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်ပွဲအတွင်း အရှိုချင်းကာကွယ်ရေးတပ်ဘက်က တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိပေမဲ့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီဇင်ဘာလ ၄ ရက်နေ့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းမြို့တိုက်ပွဲအတွင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း (၁၂) ဦးကို လက်နက်တွေနဲ့အတူ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA) နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ပူးပေါင်းပြီး ဖမ်းဆီးထားပါတယ်။