ရေဘေးကြုံနေရချိန် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦး သေဆုံး

ရေဘေးကြုံနေရချိန် စစ်ကောင်စီတပ်ကြောင့် သေဆုံးရသူ ၂၃ ဦးအနက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူက ၁၇ ဦး ပါဝင်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ PSLF/TNLA Photo

နိုင်ငံတစ်ဝန်း ရေဘေးကြုံနေရချိန် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးရသူ ၂၃ ဦးအနက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးရသူက ၁၇ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၁၂ ရက်အတွင်း သေဆုံးရတဲ့ အရေအတွက်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် လူရာချီသေဆုံးပြီး ပြည်သူတွေရဲ့ နေအိမ် အဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးနေပေမဲ့ စစ်ကောင်စီကတော့ သူတို့ လက်လွှတ်ဆုံးရှုံးထားရဲ့ နယ်မြေတွေကို လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်မှုတွေ လုပ်နေတယ် AAPP က ပြောပါတယ်။

စက်တင်ဘာလ ၂၄ ရက် ဒီနေ့မှာလည်း ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

AAPP ရဲ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၅၆၈၈ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org