စစ်မှုထမ်းစာရင်းကောက်တဲ့ ကွမ်းခြံကုန်းက ရာအိမ်မှူးနဲ့ မြေးဖြစ်သူ ပစ်သတ်ခံရ
ဧပြီ ၂၄ ရက်နေ့ညမှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ် ငါးဦးထဲက သုံးဦးဟာ နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
-
RFA Burmese
2024-04-25 -
-
-
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ကသစ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဥပဒေအတွက် လူစာရင်းကောက်ယူတဲ့ ရာအိမ်မှူးနဲ့ မြေးဖြစ်သူ အသက် (၁၄) နှစ်အရွယ် ကလေးတစ်ဦး ဧပြီလ ၂၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်မှုထမ်းဖို့ လူစာရင်းကောက်လို့ဆိုပြီး လာပစ်သတ်သွားတာလို့ အဲဒီကျေးရွာအနီး နေထိုင်သူလည်းဖြစ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစုစုနွေးက ပြောပါတယ်။
"၂၄ ရက်နေ့ညက ရာအိမ်မှူး ဦးသိန်းဝင်းရယ်၊ သူ့မြေးလေးရယ်၊ သူ့သားရယ်ပေါ့၊ အပစ်ခံရတယ်၊ သူ့မိန်းမပြောတာက ဦးသိန်းဝင်းက ရာအိမ်မှူး၊ သူ့ညီက ဥက္ကဋ္ဌ၊ အဲတော့ မြို့နယ်က စစ်မှုထမ်းဖို့ကိစ္စတွေကို မြို့နယ်ညွှန်ကြားချက်နဲ့ သူတို့ကို လူဦးရေစာရင်းကောက်ခိုင်းတယ်၊ ဥက္ကဋ္ဌက ရာအိမ်မှူးကို ကောက်ခိုင်းတယ်၊ လူဦးရေစာရင်းကို မြို့နယ်ကို ပေးရတယ်၊ ပေးပြီးနောက်နေ့မှာပဲ အပစ်ခံရတယ်၊ စာရင်းပေးလို့ပစ်တယ်ဆို သူ့တစ်ယောက်ကိုပဲ ပစ်ပေါ့၊ ဘာမှမဆိုင်တဲ့ အသက် ၁၄ နှစ်ကလေးကို ပစ်ရတာလည်းပေါ့၊ ကလေးကို ပစ်စရာမလိုဘူးဆိုပြီး ကျွန်မကို ငိုပြီးပြောတယ်"
ဧပြီ ၂၄ ရက်နေ့ညမှာ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ် ငါးဦးထဲက သုံးဦးဟာ နေအိမ်ထဲကို ဝင်ရောက်ပစ်ခတ်သွားတာဖြစ်ပြီး ဦးသိန်းဝင်းနဲ့ မြေးဖြစ်သူသေဆုံးခဲ့ပြီး သားဖြစ်သူကတော့ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။
ကော့မှူးမြို့နယ် ထန်းမနိုင်ရွာဘက်မှာတော့ စစ်မှူထမ်းဖို့ မဲပေါက်သူတွေအတွက် စားသောက်စရိတ်ထည့်ဖို့၊ မထည့်ရင် ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုနေတယ်လို့လည်း မစုစုနွေးက ပြောပါတယ်။
ဒီပစ်ခတ်မှုဖြစ်ပြီးနောက် ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒလမြို့နယ်တွေမှာ ည ဆယ်နာရီကနေ မနက် ငါးနာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမြို့နယ်တွေမှာ အရင်က ည ၁၂ နာရီကနေ မနက် လေးနာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားတာပါ။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရှိသူ ဥပဒေချုပ် ဦးဌေးအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။