မြင်းမူမြို့နယ် ကန်တော်ရွာ စစ်ဘေးဒုက္ခသည်စခန်း ဗုံးကြဲခံရပြီး ငါးဦးသေ၊ ရှစ်ဦးဒဏ်ရာရ

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

မြင်းမူရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး မြင်ကွင်း။ Citizen Photo

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်တော်ကျေးရွာအနီး စစ်ဘေးရှောင်စခန်းကို ဧပြီလ ၁၉ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး နဲ့ အရပ်သား သုံးဦးသေဆုံးပြီး နောက်ထပ် အရပ်သား ရှစ်ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အသက် ၃ နှစ်အရွယ် မစုမြတ်၊ အသက် ၁၇ နှစ်အရွယ် မမေဇွန်ဦးနဲ့ အသက် ၆၅ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်ပါတယ်။

“လေယာဉ်လာလာချင်း တန်းပစ်တာ။ ဗုံးသီးလေးလုံးကြဲတယ်။ တောထဲမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်တယ် ၊ အကုန်လုံးက ပြည်သူတွေချည်းပဲ“

ဒါ့အပြင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဗုံးမကြဲခင်မှာ ကန်တော်ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ အာလကပ္ပကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org