ဖိုလ်ဝင်တောင်အနီး သတ္တုရှာဖွေမယ့် အစီအစဉ် ဖျက်သိမ်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ဖိုလ်ဝင်တောင် ယဉ်ကျေးမှုဒေသ အနီးတဝိုက်မှာ တရုတ်ကုမ္ပဏီတခုရဲ့ သတ္တုစမ်းသပ်ရှာဖွေမယ့် ကိစ္စကို ဒေသခံတွေက သဘောမကျလို့ ဝေဖန်ကန့်ကွက်မှုတွေ ရှိလာပြီးနောက်မှာ စမ်းသပ်ရှာဖွေမယ့်အစီအစဉ်ကို ဖျက်လိုက်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

phowintaung-sagaing-622.jpg

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ဖိုလ်ဝင်တောင် ယဉ်ကျေးမှုဒေသ အနီးတဝိုက်မှာ တရုတ်ကုမ္ပဏီတခုရဲ့ သတ္တုစမ်းသပ်ရှာဖွေမယ့်ကိစ္စကို ဒေသခံတွေက သဘောမကျလို့ ဝေဖန်ကန့်ကွက်မှုတွေရှိလာပြီးနောက်မှာ စမ်းသပ်ရှာဖွေမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

ဖိုလ်ဝင်တောင် ယဉ်ကျေးမှုဒေသမှာ သတ္တုစမ်းသပ်ရှာဖွေ ခွင့်တင်ပြထားတဲ့ Kincaid Exploration ကုမ္ပဏီက စမ်းသပ်ရှာဖွေခွင့်ကို ပြန်လည်စွန့်လွှတ်လိုက်ပြီလို့ ကုမ္ပဏီဘက်က ဖုန်းဆက်လာကြောင်း  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းက RFA ကို ဇူလိုင် ၈ ရက်နေ့က  ပြောပါတယ်။

"အထောက်အထားစာရွက်က နောက်နှစ်ရက် သုံးရက်လောက်ဆို ရမှာပါ။ သေချာအောင် ပြန်တောင်းမှာ၊ ကာယကံရှင်က ဖုန်းဆက်တာ။ စစ်ကိုင်းတိုင်းမှာတော့ ကောလင်းတို့ဘက်မှာတော့ နေရာတော့ ရှာဦးမှာပေါ့"

အဲ့ဒီကုမ္ပဏီဟာ ဧကတစ်သောင်းဝန်းကျင် ကျယ်ဝန်းတဲ့ မြေနေရာမှာ ကြေးနီနဲ့ ဆက်စပ်သတ္တုပစ္စည်းတွေ ရှာဖွေဖို့ ပြည်ထောင်စု အစိုးရကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

၀န်ကြီးဌာန လုပ်ကွက်စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ပြီး ဧပြီနဲ့ မေလက ကျင်းပတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက အကြီးစားသတ်မှတ်ထားတဲ့ ဧရိယာအတွင်းကျရောက်ပြီး လုပ်ကွက်ကင်းလွတ်မှုရှိတယ်ဆိုပြီး စစ်ကိုင်းတိုင်းအစိုးရကို သဘောထားတောင်းခံထားတာပါ။

စမ်းသပ်လုပ်ဆောင်မယ့် နေရာမှာ ရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုဖြစ်တဲ့ ဖိုလ်ဝင်တောင်ဒေသ ပါ၀င်လာတာကြောင့် ဒေသခံတွေဘက်လည်း ကန့်ကွက်နေပါတယ်။

ယင်းမာပင်မြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဆန်းဝင်းမောင်က ဒီဒေသမှာ ဒီလိုစီမံကိန်းမျိုး မရှိသင့်ဘူးလို့ ပြောပါတယ်။

“ဖျက်သိမ်းသွားရင်တော့ ၀မ်းသာတယ်။ ယဉ်ကျေးမှု အမွေအနှစ်လည်း ဖြစ်တယ်။ ရွာတွေနဲ့လည်း မဝေးဘူး။ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းတယ်။ မရုပ်သိမ်းရင်တော့ လက်မခံနိုင်ကြောင်း ဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်”

မုံရွာမြို့ဒေသခံ ကိုကျော်မိုးလှိုင်ကတော့ ရွေးကောက်ပွဲနီးလာပြီဖြစ်လို့ အစိုးရရဲ့ လုပ်ရပ်ကို အများက ပိုမို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“ ရှေးဟောင်းနယ်မြေက သတ္တုတူးဖော်ရမယ့် နေရာ မဟုတ်ဘူး။ ပျူခေတ်ကတည်းက နေရာ၊ တိုင်းအစိုးရကလည်း သဘောတူ လက်ခံမယ် မထင်ဘူး။ ပေးလိုက်မယ်ဆိုရင် ရွေးကောက်ပွဲလည်း နီးနေပြီ။ ပေးလိုက်မယ်ဆိုရင် မလိုလားတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ ရှိလာမယ်”

ယင်းမာပင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီကို ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ လက်တလော အခြေအနေတွေ သေချာမသိရသေးကြောင်းနဲ့ သိလာရင်လည်း ဒါကို တရားဝင်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

Kincaid Exploration ကုမ္ပဏီက သတ္တုစမ်းသပ်ရှာဖွေခွင့် တင်ပြထားတဲ့ နေရာအနီးမှာ တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီက သတ္တု အကြီးအကျယ်တူးဖော်နေတာ ကာလအတန် ကြာပါပြီ။ ပြီးခဲ့တဲ့နှစ်ကလည်း အဲ့ဒီနေရာ အနီးတဝိုက်မှာ  ၀ါးစိမ်းတောင်ကုမ္ပဏီက သတ္တုစမ်းသပ်တူးဖော်ခွင့် တောင်းခံရာမှာ  အများပြည်သူက ကန့်ကွက်ခဲ့သလို  တိုင်းအစိုးရကလည်း  စမ်းသပ်ခွင့်ကို   ငြင်းပယ်ခဲ့ပါတယ်။

တရုတ်အခြေစိုက် Kincaid ကုမ္ပဏီအုပ်စုရဲ့ အင်တာနက်စာမျက်နှာမှာတော့ မြန်မာနိုင်ငံမှာ သူတို့ရဲ့ ရုံးခွဲ ၇ ခု ရှိကြောင်း၊ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို စီမံကိန်းကြီးတချို့ လုပ်ကိုင်နိုင်ဖို့ လျှောက်ထားခဲ့ကြောင်း၊ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း သတ္တုရင်းမြစ်တွေ ရှာဖွေတွေ့ရှိနိုင်မယ်လို့ ရေးသားဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org