စစ်အာဏာသိမ်းပြီး ပထမဆုံးပစ်သတ်ခံရသူများကို အောက်မေ့ခြင်းလှုပ်ရှားမှု ပြုလုပ်
စစ်ကောင်စီအာဏာသိမ်းချိန်က ဆန္ဒပြသူတွေကို ဖြိုခွဲချိန် ကျည်အစစ်နဲ့ ပစ်ခတ်တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့က ပြည်သူလေးဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။
-
RFA Burmese
2023-02-28 -
-
-
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ရန်ကုန်မြို့မှာ ပထမဆုံး ပစ်သတ်ခံလိုက်ရပြီး သေဆုံးသွားသူလေးဦးကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ သေဆုံးသူတွေရဲ့ ပုံတွေ အင်္ကျီမှာ တံဆိပ်ရိုက်ဝတ်ဆင်ပြီး လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို ဖမ်းဆီးမှုတွေ တင်းကျပ်နေတဲ့ကြားက ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီအာဏာသိမ်းချိန်က ဆန္ဒပြသူတွေကို ဖြိုခွဲချိန် ကျည်အစစ်နဲ့ ပစ်ခတ်တာ ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့က ပြည်သူလေးဦး သေနတ် ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။
YRF အဖွဲ့က အဲဒီအင်္ကျီတွေကို ဝတ်ဆင်ပြီး ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ နေရာတွေကို သွားပြီးတော့ လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
လှုပ်ရှားမှုကို Yangon Revolution Force – YRF နဲ့ Soft Strike Community အဖွဲ့က လူငယ်တွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့ လှည်းတန်း၊ သင်္ဃန်းကျွန်း၊ ကြည့်မြင်တိုင်မြို့နယ်တွေမှာ ဆရာမ ဒေါ်တင်နွဲ့ရီ၊ ကိုဟိန်းထွဋ်အောင်၊ မောင်ဇင်လင်းထက်နဲ့ ကိုညီညီအောင်ထက်နိုင်တို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သူတို့လေးဦးအပါအဝင် စစ်အာဏာရှင်တော်လှန်ရေးမှာ ကျဆုံးသွားခဲ့ကြတဲ့ ပြည်သူတွေအတွက် ရရာနည်းလမ်းနဲ့ ဆက်လက်အားဖြည့် ပါဝင်ပေးကြဖို့ကိုလည်း Yangon Revolution Force – YRF နဲ့ Soft Strike Community အဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ ၁၄၀၀ လောက်အထိ ရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၃၆၀၀ ကျော် ရှိလာပြီလို့ ထုတ်ပြန် ထားပါတယ်။