ဆေးဝါးဈေးနှုန်းတွေ မြင့်တက်ပြီး ဆေးကုမ္ပဏီအချို့ ပိတ်ထားရ
ဆေးဝါးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့ အခက်အခဲတွေရှိတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ရန်ကုန်မြို့ရဲ့ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံး ဆေးဝါးတွေ အပါအဝင် ဆေးဝါးဈေးနှုန်းတွေ တက်နေတာကြောင့် ဆေးဆိုင်တချို့လည်း ပိတ်ထားရပါတယ်။
- 2022-07-27
-
-
-
ဆေးဝါးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့ အခက်အခဲတွေရှိတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ရန်ကုန်မြို့ရဲ့ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံး ဆေးဝါးတွေ အပါအဝင် ဆေးဝါးဈေးနှုန်းတွေ တက်နေတာကြောင့် ဆေးဆိုင်တချို့လည်း ပိတ်ထားရပါတယ်။
တချို့ဆေးဆိုင်တွေမှာတော့ ဝယ်ယူထားတဲ့ ဆေးတွေ ကျန်နေသေးတာကြောင့် ခွဲတမ်းနဲ့ သာ ရောင်းနေရပြီး ဈေးနှုန်းကလည်း ဒေါ်လာစျေးကြောင့် မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးကုမ္ပဏီအများစု ဇူလိုင်လ ၂၇ ရက် ဒီနေ့မှာ အရောင်းပိတ်ထားကြသလို ကုမ္ပဏီတွေရဲ့ ရောင်းဈေးတွေ မြင့်တက်လာပြီး ဈေးကွက်ထဲက ဆေးဝါးဈေးနှုန်းတွေ ပိုမြင့်လာတယ်လို့ အမည်မဖော်လိုတဲ့ ဆေးပစ္စည်း ဖြန့်ဖြူးသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကုမ္ပဏီတွေက တက်တဲ့ဈေးနဲ့ ဝယ်ရောင်းရတာဆိုတော့ ဈေးကတော့ တက်ရောင်း ရတာပဲ။ ၁၀ ရာခိုင်နှုန်း တက်တယ်။ တော်ကြာနေ ငါးရာခိုင်နှုန်းတက်တယ်။ အဲလိုမျိုး တက်တာဆိုတော့ ၁၅ ရာခိုင်နှုန်းကွာတဲ့ ကုမ္ပဏီလည်းရှိတယ်။ တချို့ကုမ္ပဏီတွေဆို ၂၀ ရာခိုင်နှုန်းတက်တယ်။ သူတို့တက်တဲ့အပေါ်မူတည်ပြီး ညီမတို့ကလည်း လိုက်ရောင်း ရတာ။ ညီမတို့ကလည်း သူတို့တက်ဈေးနဲ့ ဝယ်ရတာဆိုတော့လေ"
တချို့ဈေးတွေမှာတော့ ဈေးစည်ပင်တွေကနေ ကုန်ဈေးနှုန်းတွေ တင်မရောင်းဖို့ လိုက်လံပြောဆိုတာရှိတယ်လို့ သူက ဆိုပါတယ်။
ပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ဆေဝါးတွေကို ဈေးတင်မရောင်းကြဖို့၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို မှာကြားထားတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဇူလိုင်လ ၂၆ ရက် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၈၆၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးက အဲဒီနှုန်းထက် ၆၀၀ ဝန်းကျင် ကွာဟနေတာကြောင့် ပြည်ပကနေ ဆေးဝါးပစ္စည်းတွေ တင်သွင်းနိုင်ဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ ဆေးဝါးဖြန့်ဖြူး သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုဦးစီးဌာနက ဆေးနဲ့ ဆေးဝါးပစ္စည်း တင်သွင်းဖို့ လိုင်စင်လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေကို ကိုယ့်အစီအစဉ်နဲ့ ပြင်ပက ဒေါ်လာ ဝယ်ယူပြီး ဆေးနဲ့ ဆေးပစ္စည်းတင်သွင်းဖို့ လိုင်စင်ချထားပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။