ရတနာပုံတက္ကသိုလ်ပြင်ပ လုံခြုံရေး ဆောင်ရွက်ပေးမည်
မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းပတ်ဝန်းကျင်မှာ လုယက်ရန်ရှာခံရတာတွေ မဖြစ်အောင် ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ၂၄ နာရီ တာဝန်ချထားပေးမယ်လို့ တိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနဲ့ တိုင်းရဲမှူးကြီးက ကျောင်းသားသမဂ္ဂခေါင်းဆောင် တွေကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကတိပေးလိုက်တယ်လို့ သိရပါတယ်။
-
နေရိန်ကျော်
2019-12-23 -
-
-
Your browser doesn’t support HTML5 audio
မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းပတ်ဝန်းကျင်မှာ လုယက်ရန်ရှာခံရတာတွေမဖြစ်အောင် ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ၂၄ နာရီ တာဝန်ချထားပေးမယ်လို့ တိုင်းလုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနဲ့ တိုင်းရဲမှူးကြီးက ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကတိပေးလိုက်တယ်လို့ သိရပါတယ်။
အဲဒီရတနာပုံတက္ကသိုလ်နားက ကန်ပတ်လမ်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၅ နေ့က ပစ္စည်းလုယက် သတ်ဖြတ်ခံလိုက်ရတဲ့ ကုန်ထုတ်ဓာတုနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအမှုမှာ တရားခံတယောက်ကို ဒီနေ့ ထောင်ဒဏ်အနှစ် ၃ဝ ချလိုက်ပြီးတဲ့နောက်၊ ဗကသများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ်သမဂ္ဂ ခေါင်းဆောင်တွေ၊ ကျောင်းသားတွေနဲ့ မိသားစုဝင်တွေအယောက် ၅ဝ လောက်က တိုင်းအစိုးရရုံးကို သွားကြပြီး အမှုနဲ့ ပတ်သက်လို့ တရားစီရင်ရေးမှာ မကျေနပ်တာရော၊ ကျောင်းပတ်ဝန်းကျင် လုံခြုံရေးမကောင်းသေးတဲ့ကိစ္စပါ အရေးဆိုဖို့ သွားကြတဲ့အခါမှာ နယ်လုံဝန်ကြီးနဲ့ ရဲမှူးက ပြောလိုက်တာလို့ ဗကသများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ် တွဲဖက်အတွင်းရေးမှူး ကိုမျိုးချစ်ဇော်က RFA ကို ပြောပြပါတယ်။
“ကျနော်တို့ ကျောင်းသားတွေက တိုင်းအစိုးရရုံးကိုသွားကြတယ်ဗျ။ ချီတက်ကြတယ်ပေါ့နော်။ သေဆုံးသွားတဲ့ ကျောင်းသား ကိုစိုးမိုးဟိန်းရဲ့အမှုအခြေအနေပေါ့။ ဝိဝါဒကွဲပြားနေတာတွေ နောက်ထပ်တရားခံမမိသေးတာတွေနဲ့ပတ်သက်ပြီးတော့ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီးရယ် မန္တလေးတိုင်းရဲတပ်ဖွဲ့က အကြီးဆုံးဖြစ်တဲ့ ရဲမှူးကြီးစိန်လွင်ရယ်နဲ့ တွေ့ခဲ့ကြတယ်။ သူတို့က စိုးမိုးဟိန်းအမှုနဲ့ ပတ်သက်ပြီးတော့ ကျန်နေတဲ့တရားခံတွေ ဖမ်းဆီးမိရေးကို ဆက်ပြီးလုပ်ဆောင်ပေးမယ်။ ဝိဝါဒကွဲနေတာတွေနဲ့ ပတ်သက်လို့လည်း သေသေချာချာဆက်လုပ်ပေးသွားပါမယ်။ နောက်တချက်က ကျောင်းသားသမဂ္ဂတွေပြောတဲ့ ရတနာပုံတက္ကသိုလ်လုံခြုံရေးပေါ့နော်။ အဲဒီအတွက် တက္ကသိုလ်ရှေ့ရဲကင်းမှာ တပ်ဖွဲ့ဝင် သုံးယောက်ကို ၂၄ နာရီချထားပေးပါ့မယ်လို့ သူတို့ကတိပေးပြောလိုက်ပါတယ်”
မန္တလေးတိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာ ကျောက်ဆည်တက္ကသိုလ် ကျောင်းသား ကိုနေမင်းထက် တယ်လီဖုန်းအလုခံရပြီး ဓားထိုးအသတ်ခံရပါတယ်။ ဒီဇင်ဘာလ ၆ ရက် နေ့မှာ ဆိုက်ဘာစီးတီးတက္ကသိုလ်ကျောင်းသား ကိုထက်လင်းသန့်ဟာ မော်တော်ဆိုင်ကယ် အလုခံရပြီး အသတ်ခံရပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတု နောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း အသတ်ခံလိုက်ရပါတယ်။
အဲဒီအပြင် ကျောင်းသားတွေ မကြာခဏပစ္စည်းအလုခံရတာ၊ အခိုးခံရတာတွေလဲ များနေတဲ့အတွက် ကျောင်းဝင်းထဲရော ကျောင်းပြင်ပမှာပါ လုံခြုံရေးကောင်းအောင်ဆောင်ရွက်ပေးဖို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြတဲ့အခါမှာ တိုင်းအစိုးရက အရေးတယူမရှိ တဲ့အတွက် မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီဆိုတဲ့ သရုပ်ပြ ပုံဖော်တဲ့အနေ နဲ့ အလောင်းပုံလုပ်ပြီးမီးရှို့ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလိုလုပ်တဲ့ ကိုရဲမျိုးဆွေ၊ ကိုမျိုးချစ်ဇော်အပါအဝင် ကျောင်းသား ခုနှစ်ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေးအားမြှောက်မှု၊ ငြိမ်းစုစီပုဒ်မတွေနဲ့ အမရပူရ ရဲစခန်းက အမှုဖွင့်ပြီး ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ပါတယ်။
သူတို့အဖမ်းခံထားရတဲ့ကာလမှာ ကျောင်းအာဏာပိုင်တွေနဲ့ တိုင်းအစိုးရက ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတခုကိုငှားပြီး ကျောင်းတွင်းလုံခြုံရေးလုပ်ပေးခဲ့တဲ့အတွက် အတွင်းထဲမှာတော့ ရာဇဝတ်မှုတွေ လျော့နည်းပပျောက်သွားပေမယ့် ကျောင်းပြင်ပမှာတော့ ကျောင်းသားတွေရဲ့လုံခြုံရေး ခြိမ်းခြောက်ခံနေရတုန်းပဲလို့ ကိုမျိုးချစ်ဇော်ကပြောပါတယ်။
“ကျနော်တို့ လုံခြုံရေးတောင်းတာက ပြီးခဲ့တဲ့သတင်းနှစ်ပတ်အတွင်းမှာတင် ရတနာပုံတက္ကသိုလ် ကန်ပတ်လမ်းမှာ လုယက်မှု သုံးမှု ဆက်တိုက်ဖြစ်ခဲ့တယ်။ ဝင်ဝင်လုသွားတာ ဖုန်းတွေပါတယ် လက်စွပ်တွေပါတယ် ဆွဲကြိုးတွေပါတယ် ”
ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို လတ်တလော ဆက်သွယ်လို့မရသေးပါဘူး။ ဒါပေမယ့် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မအိမွန်ခင်၊ အတွင်းရေးမှူး ကိုနိုင်လင်းကျော်နဲ့ တွဲဖက် အတွင်းရေးမှူး ကိုမျိုးချစ်ဇော်တို့ကို နယ်လုံဝန်ကြီးနဲ့ တိုင်းရဲမှူးကြီးက သူတို့အနေနဲ့ကျောင်းပြင်ပ လုံခြုံရေးရော၊ ကိုစိုးမိုးဟိန်းအသတ်ခံရတဲ့အမှုရဲ့ လွတ်နေတဲ့တရားခံတွေကို ဆက်လက်စုံစမ်း ဖော်ထုတ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။
တိုင်းအစိုးရတာဝန်ရှိသူတွေက အခုလိုပြောလိုက်ပေမယ့် တကယ်အကောင်အထည်ဖော်မဖော်နဲ့ ကျောင်းသားတွေရဲ့လုံခြုံရေး ဘယ်လောက်တိုးတက်မှုရှိမလဲဆိုတာ သမဂ္ဂအနေနဲ့ ဆက်ပြီး စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
ကုန်ထုတ်ဓာတုကျောင်းသား ကိုစိုမိုးဟိန်းအသတ်ခံရတဲ့အမှုကို ရဲက ဖော်ထုတ်ဖမ်းဆီးအရေးယူတဲ့ဖြစ်ရပ်မှာလဲ ကျူးလွန်တဲ့သူ လေးယောက် ရှိတယ်လို့ မျက်မြင်သက်သေဖြစ်တဲ့ ကိုစိုးမိုးဟိန်းရဲ့ ချစ်သူက ပြောပေမယ့် တရားခံ သုံးယောက်ပဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောတာ။ အဲဒီထဲက တစ်ယောက်ကိုပဲ ဖမ်းမိပြီး ထောင်ချနိုင်တာကို ကိုစိုးမိုးဟိန်းရဲ့မိဘတွေ၊ သူငယ်ချင်းတွေနဲ့ ကျောင်းသားသမဂ္ဂက မကျေနပ်ကြသလို၊ တရားခံကိုချလိုက်တဲ့ ထောင်ဒဏ်သတ်မှတ်ချက်ကို ဒီထက်ပိုပြီး ပြင်းထန်တဲ့ အမိန့်မျိုးချစေချင်တာ၊ ကျန်တဲ့တရားခံတွေကိုလည်း ဆက်ပြီးဖော်ထုတ်ပေးစေချင်တာတွေ တောင်းဆိုနေကြပါတယ်။