ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ မန္တလေးမှာ တောင်းဆိုဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ဘဲ ဆက်လက်ထားရှိဖို့ မန္တလေးမြို့ နန်းရှေ့ဘောလုံးကွင်းမှာ ဖွဲ့စည်းပုံ မပြင်ရေး ထောက်ခံသူတွေက ဒီကနေ့ ဟောပြောခဲ့ပါတယ်။

မန္တလေးမြို့ နန်းရှေ့ဘောလုံးကွင်းမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပတဲ့ပွဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ မပြင်ဆင်ဖို့ မတူကွဲပြားမှုနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ဟောပြောနေစဉ် Photo : RFA/ Sat Paing Toe

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်း သတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်ဘဲ ဆက်လက် ထားရှိဖို့ မန္တလေးမြို့ နန်းရှေ့ဘောလုံးကွင်းမှာ  ဖွဲ့စည်းပုံမပြင်ရေး ထောက်ခံသူတွေက ဒီကနေ့ ဟောပြောခဲ့ပါတယ်။

၅၉ ပုဒ်မကို မပြင်ဆင်ဖို့ ထောက်ခံပွဲပြုလုပ်ရတာနဲ့ ပတ်သက်လို့ ဒီနေ့ ဟောပြောပွဲကိုစီစဉ်သူ တစ်ဦးဖြစ်တဲ့ ဦးဝေဖြိုးအောင်က အခုလိုပြောပါတယ်။

“ဒီဥပဒေကို ကျနော်တို့ ပြင်ခဲ့မယ် ဖောက်ဖျက် ခဲ့မယ်ဆိုရင် ဒီဥပဒေဘောင်အတွင်းက တက်လာတဲ့ ခေါင်းဆောင်မျိုးကို ကျနောတို့ရမှာ မဟုတ်ပါဘူး၊ အဲဒီတော့ ကျနော်တို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာ အချိန်မရွေး ပျောက်ကွယ် သွားနိုင်ပါတယ်၊ ဘာလို့ဒီဥပဒေတွေကို ထောက်ခံ တာလဲဆိုတော့ အမျိုး၊ ဘာသာ၊ သာသနာ အတွက် ရေရှည်တည်တံ့ခိုင်မြဲဖို့ ရေးဆွဲထားတဲ့ဥပဒေလို့ ကျနော့်ရင်ဘတ်ထဲမှာ ယုံကြည်တဲ့အတွက် ကျနော်ထောက်ခံတာပါ၊ အဲဒီအတွက်လည်း ဒီပွဲကိုဆောင်ရွက်ခြင်း ဖြစ်ပါတယ်”

ဒီနေ့ ဟောပြောပွဲမှာ မတူကွဲပြားမှုနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဌ ဦးနေမျိုးဝေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့အပါအဝင် ၆ ဦးက ပုဒ်မ ၅၉ ကို မပြင်ဖို့  ဟောပြောခဲ့ပြီး ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ် ၁၅၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။  

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကလည်း  ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းမှာ အလားတူဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ဒီဆန္ဒပြပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org