တံတားဦးမြို့က ကဗျာဆရာ သွေးနေ ထောင်သုံးနှစ် ချမှတ်ခံရ
မန္တလေးက ကဗျာဆရာ ကိုသွေးနေ (တံတားဦး)ကို စစ်ကောင်စီက ရက်ပေါင်းတစ်ရာကျော်အထိ ဖမ်းဆီးထားရာကနေ ဒီနေ့ ဇူလိုင် ၆ ရက်နေ့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။
- 2021-07-06
-
-
-
မန္တလေးတိုင်း တံတားဦးမြို့က ကဗျာဆရာ သွေးနေ (ခေါ်) ကိုနေလင်းထက်ကို စစ်ကောင်စီက ရက်တစ်ရာကျော်ဖမ်းဆီးထားရာက တပ်မတော်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့ ဇူလိုင်လ ၆ ရက်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ယောက်ကပြောပါ တယ်။
မန္တလေးမြို့မှာ မတ်လ ၂၇ ရက်နေ့ကဖြစ်ခဲ့တဲ့လူထုဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြိုခွင်း ရာမှာ ဆန္ဒပြသူတချို့ကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့အချိန်မှာ ကိုသွေးနေ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတာလို့ ဇနီးဖြစ်သူ မစန္ဒီထက်က RFAကို ပြောပြပါတယ်။
“ဆန္ဒပြနေတဲ့အချိန် စစ်ကားနှစ်စီး၊ ရဲကာားတစ်စီးနဲ့ အစ်မတို့ကို ဖြိုခွင်းဖို့လာတယ်လို့ သတင်းရတော့ လူစုခွဲကြတယ်။ အစ်မတို့က ဆိုင်ကယ်ပါပေမယ့် ရှေ့တန်းက ဒိုင်းကာ ကလေးတွေက ခြေကျင်ပြေးရတော့ အစ်မအမျိုးသား ကိုလိုက်ပို့ခိုင်းပြီး အစ်မက ဆင်းနေခဲ့တာ။ နာရီဝက်လောက်ကြာတော့ အစ်မ အမျိုးသားဖမ်းခံရတဲ့သတင်း ကြားရတာပဲ”
အဲဒီအချိန်က ဇနီးသည်ဟာ ကိုယ်ဝန် ၉ လရှိနေပြီး ကိုသွေးနေကို ထောင်ကြီးချုပ်မပို့ခင်မှာ ဝန်မခံဘူးဆိုရင် ဇနီးဖြစ်သူကို သွားခေါ်မယ်လို့ ခြိမ်းခြောက်တယ်လို့လည်း ဆိုပါတယ်။ အချုပ်ကာလတစ်လျှောက် လုံးမှာ အစားအသောက် ပို့ခွင့်ရခဲ့ပေမယ့် ဇွန်လ ၂၉ ရက်နေ့က သက်သေအဖြစ် ခေါ်စစ်ချိန်ကလွဲလို့ မိသားစုက ကိုသွေးနေကို လူချင်းမတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
ဇွန်လ ၃၀ ရက်နေ့က နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွှတ်ပေးခဲ့တဲ့အချိန်မှာ အဖမ်းခံထားရတဲ့ ကဗျာဆရာတွေထဲက ဟန်လင်း၊ မိုးဦးဆွေညိမ်းတို့ အပါအဝင် ကဗျာဆရာတချို့ ပြန်လွတ်လာပေမယ့် မြိတ်မြို့မှာ ထောင်နှစ်နှစ်ချခံထားရတဲ့ ကဗျာဆရာ မောင်ယုပိုင်ကတော့ ပြန်မလွတ်ခဲ့ပါဘူး။
နွေဦးတော်လှန်ရေးအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့သေနတ်နဲ့ပစ်ခံရတာ နှိပ်စက်ညှဉ်းပန်းခံရတာတွေကြောင့် ကေဇဝင်း၊ ခက်သီ၊ ကြည်လင်အေး အပါအဝင် ကဗျာဆရာ ငါးယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။