မောင်တောမြို့ တောင်ဖက်ပိုင်းဒေသမှာ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ
ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင် ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော် ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံ အခြေစိုက် Gold Finder သတ္တုတူးဖော်ရေးကုမ္ပဏီ က အလူမီနီယမ် နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိ ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
-
2013-01-01 -
-
-
အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။
Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။
တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။