နိုင်ငံတကာမှာ အာဇာနည်နေ့ အခမ်းအနားများ ကျင်းပ

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာရိပ်သာ ခန်းမမှာ နိုင်ငံရေး အဖွဲ့အစည်း (၇) ခုက အလေးပြုခြင်း သုံးရပ်နဲ့ အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြု လွမ်းသူ့ ပန်းခွေ ချပါတယ်။

အာဇာနည်နေ့နဲ ပတ်သက်ပြီး ပြည်ထောင်စု အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရက ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား တွေအပေါ်မှာ မတရား ထိုးစစ်ဆင်တာတွေ ရပ်တန့်ပြီး အန်လ်အယ်ဒီနဲ့အတူ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့တို့ ပါဝင်ပြီး အခမ်းအနားမှာ ဖတ်ကြားသွားခဲ့ပါတယ်။

အခမ်းအနား အစီအစဉ်မှာ ပြည်ထောင်စု အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရက ဝန်ကြီးဒေါက်တာတင့်ဆွေက -

“ဗိုလ်ချုပ်အောင်ဆန်းတို့လို့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တိုင်းပြည် ခေါင်းဆောင်ဖြစ်အောင် လုပ်နိုင်သလို၊ အားကျပြီးတော့ အာဇာနည်နေ့မှာ ယနေ့လူငယ်များ၊ မိန်းကလေးရော ယောက်ျားလေးရော လုပ်ကြပါ။ မြန်မာပြည်မှာ လူတွေ အာဇာနည်ကို အားကျပြီး မွေးထုတ် တာထက် အခွှင့်အလမ်းတွေကို ပိတ်ပင်နေကြတယ်။ သူတို့ပိတ်တဲ့ကြားထဲက ကျနော်တို့ လူငယ်များ ကျနော်တို့ လူထုအားလုံးဟာ ကိုယ့်ကိုကိုလည်း အာဇာနည်ဖြစ်အောင် ကြိုးစားပါလို့ ကျနော် အားပေးချင် ပါတယ်”

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပခဲ့ရာမှာ မဲဆောက်ဈေးကြီး ထိပ်က ဦးချစ် လက်ဖက်ရည်ဆိုင် အပါအဝင် မိတ်ဆွေကောင်း စာကြည့်တိုက်နဲ့ မြန်မာ စာသင်ကျောင်းတွေမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ အာဇာနည် (၉) ဦးအတွက် ရည်စူးပြီး သံဃာတော် (၁၅) ပါးကို ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။ အမျိုးသားလူငယ်များ အစည်းအရုံး (မြန်မာနိုင်ငံ) အဖွဲ့ ဥက္ကဌ ဦကိုအောင်က အခုလို ပြောပါတယ်။

"တိုင်းတပါးမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်းနဲ့ မှေးမှိန် ပျောက်ကွယ် လုခမန်း ဖြစ်လာတာကို တွေ့ရတယ်။ ဒီဘက်မှာ ရောက်နေတဲ့ လူငယ်တွေကို ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ရဲ့ အခန်းကဏ္ဍတွေကို ချပြချင်တဲ့ သဘောထားနဲ့ ဒီအခမ်းအနားကို ကျင်းပပါတယ်။."

အာဇာနည် (၉) ဦးရဲ့ အတ္ထုပ္ပတ္တိနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေပါတဲ့ လက်ကမ်း စာစောင်တွေလည်း ဖြန့်ေ၀ ပေးခဲ့ပါတယ်။

မဲဆောက်မြို့က မြန်မာစာသင်ကျောင်း တွေမှာလည်း မြန်မာရွှေ့ပြောင်း ကျောင်းသားကလေးငယ်တွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေအကြောင်း သိရှိနိုင်ဖို့ ရည်ရွယ်ပြီး အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org