မဏိပူရ်မှာ အကျဉ်းကျနေတဲ့ မြန်မာဒုက္ခသည်တချို့ ကျန်းမာရေး စိုးရိမ်နေရ
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေထဲက ဆယ်ဦးခန့် ကျန်းမာရေး စိုးရိမ်နေရတယ်လို့ India For Myanmar အဖွဲ့က မတ် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2025-03-04 -
-
-
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဒုက္ခသည်တွေထဲက ဆယ်ဦးခန့် ကျန်းမာရေး စိုးရိမ်နေရတယ်လို့ အိန္ဒိယ-မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) အဖွဲ့က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီထဲက ဖမ်းဆီးခံထားရတဲ့ အသက် ၅၀ ကျော်အရွယ် ဦးအောင်မြင့်ဟာ ဆေးရုံတက်နေရပြီး ကျန်းမာရေး ဆိုးရွားနေတယ်လို့ India For Myanmar ရဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
“ဦးအောင်မြင့်က ဆေးရုံကို ခေါ်သွားပြီး ထောင်က ပစ္စည်းတွေလည်း အကုန်ထုတ်ထားတယ်ဆိုတော့ ဒီဆေးရုံမှာ တစ်ခုခု ဆုံးတာ၊ ဘာညာ မဖြစ်ဘူးဆိုရင် တိုးတိုးတိတ်တိတ် မိသားစုထံ လွှဲမဲ့သဘော ဖြစ်နေတယ်။ လက်ရှိ နာတာရှည်ရောဂါသည်တွေအတွက် လုံး၀သီးသန့် ဆေးကုမှုခံယူတာ မရှိဘူး။ မိသားစုက အပြင်က ဆေးဝါး ပို့လို့ရရင် ပို့၊ ပို့လို့မရရင် ဒီတိုင်း ခံစားနေကြရတယ်။ ဒါကြောင့်လည်း ဦးအောင်မြင့်က ဒီအခြေအနေအထိ ဖြစ်သွားတာပေါ့”
ဦးအောင်မြင့်ဟာ အာဏာမသိမ်းခင်က နာတာရှည် အဆုတ်ရောဂါ ဖြစ်ပွားနေပြီး အိန္ဒိယနိုင်ငံကို ဆေးကုသဖို့ လာချိန် မဏိပူရ်အာဏာပိုင်တွေရဲ့ လူ၀င်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ကျန်တဲ့ ကျန်းမာရေးမကောင်းသူတွေဟာလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူခံထားရသူတွေ ဖြစ်ပါတယ်။
အင်ဖာ အကျဉ်းထောင်ထဲမှာ ကျန်မာရေးမကောင်းသူ ဆယ်ဦးခန့်အပြင် စုစုပေါင်း မြန်မာဒုက္ခသည် အရေတွက် ဘယ်လောက် ထိန်းသိမ်းထားတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ကျခံပြီးဖြစ်ပေမဲ့ ဆက်လက်ထိန်းသိမ်းခံနေရပြီး လွတ်မြောက်ခွင့်မရကြဘူးလို့ India For Myanmar က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနဲ့ အီးမေးလ်ပို့ မေးမြန်းထားဆဲ ဖြစ်ပါတယ်။