မန္တလေးမှာ ရခိုင်လူမျိုးမုန်းတီးရေး စာတွေ လူတစ်စုကလိုက်ကပ်ခဲ့ကြောင်း မြို့ခံတွေပြော

မန္တလေးမြို့က လူစည်ကားတဲ့ စျေးတွေနဲ့ လမ်းမတွေမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်ပိုင်း ရခိုင်လူမျိုး မုန်းတီးရေးစာတွေကို လူတစ်စုက လိုက်လံကပ်သွားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေး ၄၁ လမ်း၊ ကုန်စိမ်းတန်း ညစျေးကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဥ်။ Citizen Journalist

မန္တလေးမြို့က လူစည်ကားတဲ့ စျေးတွေနဲ့ လမ်းမတွေမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်ပိုင်း ရခိုင်လူမျိုး မုန်းတီးရေးစာတွေကို လူတစ်စုက လိုက်လံကပ်သွားတယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။

မန္တလေးမြို့ ၄၁ လမ်း ကုန်စိမ်းတန်း ညစျေး၊ ၃၅ လမ်းမ၊ မန္တလေးတက္ကသိုလ် တစ်ဝိုက်နဲ့ လူစည်ကားတဲ့ နေရာတွေမှာ လိုက်ကပ်သွားတာလို့ ဆိုပါတယ်။

အဲဒီစာတွေထဲမှာ မန္တလေးမြို့မှာရှိတဲ့ ရခိုင်စားသောက်ဆိုင်တွေနဲ့ အရောင်းဆိုင်တွေကို သွားရောက်မဝယ်ယူဖို့၊ ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ကနေထွက်သွားဖို့နဲ့ ရခိုင်ဆိုင်တွေ ပိတ်သိမ်းဖို့ စတာတွေ ပါရှိပါတယ်။

နေ့လယ်ပိုင်းမှာတော့ ကပ်ထားတဲ့စာရွက်တွေ မရှိတော့ဘူးလို့ မန္တလေးမြို့ ၄၁ လမ်း ကုန်စိမ်းတန်းညစျေးက အမည်မဖော်လိုသူ စျေးသည်တစ်ဦးက RFA ကို ပြောပါတယ်။

"စျေးရောင်းနေတာနဲ့ ကပ်သွားတယ်ဆိုတာ မသိလိုက်ဘူး။ သူများပြောလို့ အခုလေးတင် ကြည့်ခဲ့တာ။ ကပ်ထားတဲ့ နေရာကတော့ ဘာစာရွက်မှ မရှိတော့ဘူး"

မန္တလေးမြို့မှာ ရခိုင်အစားအသောက်တွေ ရောင်းချနေသူတစ်ဦးကတော့ အခုလိုမျိုး လူမျိုးရေးခွဲခြားတဲ့ စာတွေကပ်တာက ထိရောက်မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

"ဒါကတော့ဗျာ ဒီမှာ တိုင်းရင်းသားအစုံ၊ အစားအသောက်အစုံ ရှိကြတာပဲ။ မန္တလေးတင်မဟုတ်ဘူး ဘယ်မှာမှ တော့ ခွဲခြားမှာမဟုတ်ဘူး။ ရခိုင်မဟုတ်ဘူး၊ ကချင်ဆိုလည်း ဒီအတိုင်း ကရင်ဆိုင်လည်း ဒီအတိုင်းပဲလေ ဆိုင်မှ မဆိုင်တာ"

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာ၀န်ကြီး ဦးသိန်းဌေးကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာ ၁၃ ရက်ကစ တိုက်ပွဲဖြစ်နေပြီး ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပြိုလက်ဝဲအပြင် ချင်းပြည်နယ်က ပလက်ဝ မြို့ကိုပါ (AA) က သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org