မန္တလေးသပိတ်လှုပ်ရှားသူတွေ နှစ်ပတ်ကြာ ဖမ်းဆီးခံရပြီး ပျောက်နေ

မန္တလေးက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူလေးဦး ဖမ်းဆီးခံရပြီး နှစ်ပတ်ပြည့်ချိန်အထိ အဆက်အသွယ် မရသေးဘူးလို့ ပြောပါတယ်။

၂၀၂၂ ဖေဖော်ဝါရီ ၉ ရက်နေ့က မန္တလေးမှာ ဖမ်းဆီးခံရသူလေးဦးကို တွေ့ရစဥ် Photo: Anti-Junta Alliance Yangon - AJAY

မန္တလေးက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ကိုသူရအောင် အပါအဝင် လေးယောက် ဟာ ဖမ်းဆီးခံရပြီး နှစ်ပတ်ပြည့်ချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ မန္တလေးသပိတ် အင်အားစုက ကော်မတီဝင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ကိုသူရအောင်၊ ကိုရဲဇင်ထွန်း (ခ) ကိုဖိုးလုံး၊ အလွတ် တန်း သတင်းထောက် ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင် တို့ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ ဖမ်းဆီးခံရချိန်ကနေ အခုထိ အဆက်အသွယ်မရသေးတာကြောင့် စစ်ကြောရေးမှာပဲ ရှိနေတယ်လို့ ယူဆရကြောင်း သူက ပြောပါတယ်။

"မိသားစုဝင်တွေနဲ့ ဆက်သွယ်ရသလောက်တော့ သူတို့စစ်ကြောရေးမှာပဲ ရှိသေးတယ်လို့ သိရတယ်။ အိုးဘိုလည်း မရောက်သေးဘူး။ ဖမ်းဆီးခံထားရတဲ့ လေးယောက်လုံး စစ်ကြောရေးမှာရှိနေမယ်လို့ ယူဆထားပါတယ်ခင်ဗျ"

ဒီလေးယောက်လုံးဟာ ဖမ်းဆီးခံရချိန်က ကျန်းမာရေးကောင်းမွန်သူတွေဖြစ်ပြီး လက်ရှိမှာတော့ စစ်ကြောရေးမှာ နှိပ်စက်ခံရမှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

သူတို့ရဲ့ မိသားစုဝင်တွေနဲ့ လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးသလို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုလည်း အတိအကျ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ကိုသူရအောင်၊ ကိုရဲဇင်ထွန်း(ခ)ကိုဖိုးလုံး၊ အလွတ်တန်းသတင်းထောက် ကိုစိုးလင်းအောင် နဲ့ ကိုလှမျိုးအောင်တို့ဟာ ဖေဖော်ဝါရီ ၉ ရက်နေ့၊ ညနေပိုင်းက မန္တလေးမြို့၊ မဟာအောင် မြေ မြို့နယ်အတွင်းက နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်ဖမ်းဆီးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org