မန္တလေး ဆူပူအကြမ်းဖက်မှုနဲ့ ပတ်သက်သူ ၄ ဦးကို ထောင် ၁၀ နှစ်စီချမှတ်
မန္တလေးမြို့ ဆူပူအကြမ်းဖက်မှုအတွင်း သေ ဆုံးခဲ့တဲ့ ဦးစိုးမင်းထွေးအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ၄ ဦးကို လူသတ်မှု ပုဒ်မ ၃ဝ၂ အားပေး ကူညီမှု ပုဒ်မ ၁၁၄ နဲ့ မန္တလေးခရိုင်တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ပြီး အိုးဘို အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
-
2014-10-14 -
-
-
မန္တလေးမြို့ ဆူပူအကြမ်းဖက်မှုအတွင်း သေဆုံးခဲ့တဲ့ ဦးစိုးမင်းထွေးအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ၄ ဦးကို လူသတ်မှု ပုဒ်မ ၃ဝ၂ အားပေးကူညီမှု ပုဒ်မ ၁၁၄ နဲ့ မန္တလေးခရိုင်တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁ဝ နှစ်စီ ချမှတ်ပြီး အိုးဘိုအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
မဟာအောင်မြေမြို့နယ် တရားရုံးနဲ့ မန္တလေးခရိုင် တရားရုံးတွေမှာ ရုံးချိန်း စုစုပေါင်း ၁၈ ကြိမ်မြောက်မှာ အမိန့်ချလိုက်တာဖြစ်တယ်လို့ အဲဒီအမှုကို ကူညီနေတဲ့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်) အတွင်းရေးမှူး အရှင်စန္ဒာသီရိက မိန့်ကြားပါတယ်။
"ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့လည်း လျှောက်လွှဲချက်ထဲ မှာရော ထွက်ဆိုချက်ထဲမှာရော ဒီကလေးတွေက တရားခံမဟုတ်ဘူးဆိုတာ ပေါ်လွင်နေတယ်လေ၊ တရားခံမဟုတ်တာ ပေါ်လွင်နေပေမယ့် အမိန့်ချတာ ၁ဝ နှစ်စီ ချလိုက်တယ်ပေါ့၊ ခရိုင်က အမိန့်ချလိုက်တာ ဆိုတော့ တိုင်းကို အယူခံဆက်ပြီးတော့ တင်ရမှာပေ့ါ၊ တိုင်းမှာအဆင်မပြေဘူးဆိုရင် နေပြည်တော်အဆင့် အထိ နိုင်ငံတော်အဆင့်ထိအောင် တက်သွားမယ်လို့ ဆရာတော်တွေကလည်း မိန့်ထားတယ်လေ"
ပြစ်ဒဏ်ချမှတ်ခံရသူ ၄ ဦးထဲက ကိုကျော်ဇင်ထက် ဆိုသူဟာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဖမ်းဆီးခံထားရ တာဖြစ်ကြောင်း သူ့ရဲ့မိခင် ဒေါ်ဇင်မာအေးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ဆန္ဒပြပြောဆိုခဲ့ပါတယ်။
ဦးစိုးမင်းထွေးဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၃ ရက်နေ့က ဗလီတက်ဖို့ နေအိမ်ကနေထွက်လာစဉ် လူတစ်စုဝိုင်းဝန်း ရိုက်နှက်တာခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေဟာ အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရတယ်ဆိုတဲ့ လိမ်လည်တိုင်တန်းမှုကြောင့် အစပြုခဲ့တာဖြစ်ပြီး ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ရက်ပေါင်း ၄ဝ ကျော်ကြာ ထုတ်ပြန်ခဲ့ရပါတယ်။
အဲ့ဒီအကြမ်းဖက်မှုအတွင်း ဦးစိုးမင်းထွေးနဲ့ ကိုထွန်းထွန်းဆိုသူ ၂ ဦး သေဆုံးပြီး ဗလီဝပ်ကျောင်း၊ ကားနဲ့ ဆိုင်ခန်းတချို့ ပျက်စီးခဲ့ပါတယ်။ ကိုထွန်းထွန်း သေဆုံးမှုကိုတော့ စစ်ဆေးနေဆဲဖြစ်ပါတယ်။