ရေဆိုးထုတ်တဲ့ စက်ရုံတွေကို တိုင်းအစိုးရအဖွဲ့ စစ်ဆေးမည်
မန္တလေးတိုင်းမှာရှိတဲ့ စက်ရုံတွေကို တိုင်း အစိုးရအဖွဲ့က လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ရေဆိုးစွန့်ပစ် တာတွေ့ရှိရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။
-
2016-10-01 -
-
-
မန္တလေးတိုင်းမှာရှိတဲ့ စက်ရုံတွေကို တိုင်းအစိုးရအဖွဲ့က လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ စတင်စစ်ဆေး မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး ရေဆိုးစွန့်ပစ်တာတွေ့ရှိရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။
သာစည်ဘက်က ချည်ထည်စက်ရုံတွေကို အရင်ဆုံး သွားရောက်စစ်ဆေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။
"တနင်္လာဆိုလို့ရှိရင် ကျွန်တော်တို့ သာစည်ဘက်က ချည်ထည်ဆေးဆိုးစက်ရုံ အဲဒါကို အရင်သွားပါမယ် ၊ နောက်တော့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံကိုလည်း ဝင်ပါမယ်၊ ကျွန်တော်တို့ပြောထားတဲ့အတိုင်း မလုပ်ရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ရှိပါတယ်၊ ဆိုးဆေးသုံးတဲ့ စက်ရုံတွေရှိတယ်၊ အရက်ချက်စက်ရုံတွေရှိတယ်၊ ဘီယာချက်စက်ရုံတွေရှိတယ်၊ အများအားဖြင့်က အဲဒါတွေပဲများပါတယ်"
စက်ရုံတွေကို သွားရောက်စစ်ဆေးရာမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမား စစ်ဆေးရေးဦးစီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ် ပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ရေဆိုးစွန့်ပစ်မှုတွေ များတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ စက်ရုံပေါင်း ၃ဝ နီးပါးရှိတယ်လို့လည်း ဦးမျိုးသစ် က ပြောပါတယ်။
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မန္တလေးတိုင်းအတွင်းက ရေဆိုး ထုတ်စက်ရုံတွေကို ပြီးခဲ့တဲ့ သြဂုတ်လက အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးထားပြီး ဒီလမှာ စစ်ဆေးမှုတွေ စတင်မှာ ဖြစ်ပါတယ်။
အဲ့ဒီစက်ရုံတွေကထုတ်တဲ့ ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲကို စွန့်ပစ်ကြတာဖြစ်ပြီး သတ်မှတ်ထားတဲ့အတိုင်း ရေဆိုး သန့်စင်မှုတွေ မလုပ်တာ၊ ပမာဏပိုစွန့်ပစ်နေတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ တာ ဖြစ်ပါတယ်။