မြဝတီကဒဏ်ရာရသူတွေကို ကုပေးနေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးပြော

မြဝတီတိုက်ပွဲကြောင့်ဒဏ်ရာရထားတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မဲဆောက်ဆေးရုံမှာ ကုပေးနေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew က ဧပြီလ ၂၂ ရက်နေ့ မနက်က ပြောပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။

မြဝတီတိုက်ပွဲကြောင့်ဒဏ်ရာရထားတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မဲဆောက်ဆေးရုံမှာ ကုပေးနေတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Cholnan Srikaew က ဧပြီလ ၂၂ ရက်နေ့ မနက်က ပြောပါတယ်။

စနေနေ့မှာ ၂၂ ဦး၊ တနင်္ဂနွေနေ့မှာ ၁၆ ဦး ရောက်လာပြီး သူတို့ကို လူသားချင်းစာနာမှုအရ ကုသစောင့်ရှောက်ပေးနေတယ်လို့ ဝန်ကြီးက RFA ကိုပြောပါတယ်။

အဲဒီဒဏ်ရာရထားတဲ့သူတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလား၊ KNU/PDF တပ်ဖွဲ့ဝင်တွေလား၊ အရပ်သားလားလို့မေးတဲ့အခါ လူနာတွေကိုခွဲခြားဆက်ဆံမှုမရှိစေလိုတဲ့အတွက်ဆိုပြီး ဝန်ကြီးက တိတိကျကျ မပြောပါဘူး။

RFA က လေ့လာစုံစမ်းရသမျှ မြဝတီမှာ စစ်ကောင်စီတပ်က လေကြောင်းကနေပစ်လို့ အရပ်သားတချို့ သေဆုံးတာ၊ ဒဏ်ရာရတာလည်းရှိခဲ့ပြီး ဒဏ်ရာရတဲ့အရပ်သားတချို့လည်း မဲဆောက်မှာကုနေတယ်လို့ သိရပါတယ်။ ထိုင်းဒေသတွင်း သတင်းတစ်ပုဒ်အရ မဲဆောက်ဆေးရုံမှာ စစ်ကောင်စီဘက်က တပ်သား တချို့လည်းကုသနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီမှာ စစ်ကောင်စီဘက်ကရော၊ တော်လှန်ရေးတပ်ဘက်ကရော၊ အရပ်သားတွေရော ပါနိုင်တယ်လို့ သိရပြီး RFA က ဆက်လက်စုံစမ်းနေပါတယ်။

ဧပြီလ ၂၂ ရက်နေ့ နေ့လယ်မှာတော့ ထိုင်းကျန်းမာရေးဝန်ကြီးဟာ မြဝတီကရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားကြည့်ပြီး သူတို့အတွက်လိုအပ်မယ့်ကိစ္စတွေကူညီမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ နောက်ဆက်တွဲစုံစမ်းရရှိတာတွေကို ဆက်လက်တင်ပြသွားပါ့မယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org