စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး ဆရာတော် ပျံလွန်
ဖမ်းဆီးခံရပြီး တစ်ပတ်အကြာမှာ ဆရာတော်ကို နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တာလို့ ထန်းပင်ကုန်းရွာသားတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-01-23 -
-
-
မန္တလေးတိုင်း မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး ဆရာတော် ဦးဝါယမဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ဆေးကုသမှု ခံယူရင်း ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းပင်ကုန်းရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် သက်တော် ၇၀ နဲ့ ဝါတော် ၅၀ ရှိတဲ့ ဦးဝါယမကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ ဘုန်းကြီးကျောင်းထဲအထိ လာရောက် ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရပြီး တစ်ပတ်အကြာ ထန်းပင်ကုန်းရွာနဲ့ ခုနစ်မိုင်ဝေးတဲ့ အုတ်စက်ပေါက် ရွာအနီးမှာ ဆရာတော်ကို နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တာလို့ ထန်းပင်ကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"အတိုင်ခံရလို့ လိုက်ခဲ့ပါဦး ဘုရားဆိုပြီး ဖမ်းသွားတာ။ ဘုန်းဘုန်းစီးတဲ့ကားရော၊ ဘဏ်စာအုပ်တွေရော၊ ချက်လက်မှတ်တွေရော၊ ပိုက်ဆံတွေရောပဲ။ တစ်ပတ်ကြာ လောက်မှ တံငါရွာတို့ အုတ်စက်ပေါက်ရွာတို့ နားမှာ ဒဏ်ရာတွေ အများကြီးနဲ့ ပြန်တွေ့တာ။ ရွာကလူတွေက သွားကြိုပြီး မန္တလေးကို ဆေးကုဖို့ပို့လိုက်တာ။ ဆေးရုံမှာ နှစ်လကျော် ကုလိုက်ရတယ်။ ဆေးရုံမှာပဲ ပျံလွန်တာ"
ဆရာတော်ကို ပြန်တွေ့တဲ့အချိန်မှာ ဝမ်းဗိုက်နဲ့ လည်ပင်းတွေမှာ ဓားဒဏ်ရာတွေရှိသလို သွားတွေလည်း အနုတ်ခံထားရတယ်လို့ သူက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်လို့စွပ်စွဲချက်နဲ့ စစ်ကောင်စီ တပ်က ဆရာတော်ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဆရာတော်ဟာ PDF တွေကို ထောက်ပံ့တာမရှိသလို ရပ်ရွာ အပေါ်မှာ ကောင်းမွန်သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကတော့ မြို့နယ် သံဃနာယက အတွင်းရေးမှူး ဆရာတော်တစ်ပါးကို အခုလို ပြုမူဆက်ဆံခဲ့တာဟာ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ထန်းပင်ကုန်းရွာဟာ မန္တလေး - မိုးကုတ်လမ်းမကြီးရဲ့ အရှေ့ဘက် ၁ မိုင်ခန့်မှာတည်ရှိပြီး အိမ်ခြေ သုံးရာနီးပါးရှိပါတယ်။