မတ္တရာမြို့နယ်က နောက်ထပ်တပ်စခန်း ခုနစ်ခုကို MDY-PDF သိမ်းပိုက်

အဲဒီတပ်စခန်း ခုနစ်ခုကို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သိမ်းယူနိုင်ခဲ့တာလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာနယ်မြေရဲစခန်းရှေ့တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များ။ Telegram/ Mandalay People’s Defence Force

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က နောက်ထပ် စစ်ကောင်စီတပ်စခန်း ခုနစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတပ်စခန်း ခုနစ်ခုကို ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သိမ်းယူနိုင်ခဲ့တာလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။

"မတ္တရာမြို့နယ်ထဲက ထပ်မံသိမ်းပိုက်ရရှိတဲ့ စခန်းခုနစ်ခုက ပြီးခဲ့တဲ့နှစ်ပတ်တာအတွင်း သိမ်းပိုက်ရရှိထားတဲ့ စခန်းအရေအတွက်ဖြစ်ပါတယ်၊ မတ္တရာမြို့နယ်မှာရှိတဲ့ စစ်ဆင်ရေးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဆောင်ရွက်နေတာဖြစ်ပါတယ်"

မတ္တရာမြို့နယ်က ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနဲ့ ဘိုကုန်းရွာ တပ်စခန်းတွေ ထပ်မံသိမ်းယူနိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ စစ်ကောင်စီ တပ်သားအလောင်းတွေကို သိမ်းဆည်းရမိခဲ့ပြီး MDY-PDF က တပ်သားတချို့လည်း ထိခိုက်မှုရှိခဲ့ကြောင်း ကိုအော်စမွန်က ပြောပါတယ်။

တပ်စခန်း ခုနစ်ခုကို ထပ်မံသိမ်းယူနိုင်ခဲ့တာကြောင့် မတ္တရာမြို့နယ်အတွင်း MDY-PDF က သိမ်းယူခဲ့တဲ့ စစ်ကောင်စီ တပ်စခန်း ၃၅ ခု ရှိနေပြီလို့လည်း ပြောထားပါတယ်။

ဒါ့အပြင် ကျောက်တံတားကျေးရွာနဲ့ မြကန်သာ ကျေးရွာတွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ MDY-PDF က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

မတ္တရာမြို့နယ်က တပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org