မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေကို စစ်အုပ်ချုပ်ရေး ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ဒီမြို့နယ်နှစ်ခုရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကိစ္စတွေမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းလိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနှစ်မြို့နယ်ထဲက မဘိမ်းမြို့ကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောထားပါတယ်။ မဘိမ်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဇန်နဝါရီလ ၂၀ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

မိုးမိတ်မြို့နယ်မှာလည်း ဇန်နဝါရီလ ပထမအပတ်က KIA၊ ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

မိုးမိတ်မြို့နယ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တစ်လကျော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှစ်ခု အပါအဝင် လက်နက်ကြီးနဲ့ လေကြောင်းကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ် ရှစ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

စစ်ကိုင်း၊ ချင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ကရင်နဲ့ ကယားပြည်နယ်ထဲက မြို့နယ် ၃၇ မြို့နယ်ကိုတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org