လူထုဒေါ်အမာ ရာပြည့်ပွဲ ကျင်းပမည်

သတင်းစာဆရာမကြီး လူထုဒေါ်အမာ ရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ် ပွဲကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ ၄ ရက်ကြာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

သတင်းစာဆရာမကြီး လူထုဒေါ်အမာ ပုံ Photo: anyarnwaytamarmyay.blogspot.com

သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ ၄ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မန္တလေးမြို့ ဓမ္မပါလခန်းမမှာ စတင်ကျင်းပမှာဖြစ်ပြီး ၂၉ ရက်နေ့မှာတော့ အမရပူရမြို့နယ် တောင်လေးလုံးကျောင်းတိုက်မှာ ဆွမ်းကျွေးအလှူပြုလုပ်မှာ ဖြစ်တယ်လို့ လူထုဒေါ်အမာရဲ့ သားဖြစ်သူ ဦးညီပုလေးက ပြောပါတယ်။

"နိုဝင်ဘာ ၂၆ ရက်နေ့ မနက် ၉ နာရီက စပါမယ်ခင်ဗျ၊ အဲ့ဒါကတော့ မန္တလေးမြို့ ၈၄ လမ်းနဲ့ ၃၁ လမ်းထောင့်မှာရှိတဲ့ ဓမ္မပါလခန်းမမှာ စတင်ကျင်းပပါမယ်၊ မနက် ၉ နာရီမှာ ဖွင့်ပါမယ်ခင်ဗျ၊ နေ့လည်မှာတော့ စာတမ်းဖတ်ပွဲရှိပါမယ်၊ ဓမ္မပါလခန်းမမှာ ဓါတ်ပုံတွေပြထားမယ်၊ အမေရေးတဲ့စာအုပ်တွေပြမယ်၊ ပြီးတော့ အမေ့စာအုပ်တွေကို အထူးနှုန်းနဲ့ ရောင်းပါ့မယ်ဗျာ၊ ၂၇ ရက်နေ့မှာ နေ့လည် ၁ နာရီကနေ ၃ နာရီ ဓမ္မပါလခန်းမမှာ ဓါတ်ပုံပြပွဲ ခုနက စာအုပ်ပြပွဲနဲ့အတူ စာတမ်းဖတ်မယ်၊ ၂၈ ရက်လည်း ဖတ်ပါမယ်၊ ၂၉ ရက်နေ့ကျတော့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အမရပူရ တောင်လေးလုံးကျောင်းမှာ ဆရာတော် ဦးပညာရဲ့ကျောင်းမှာ နေ့ဆွမ်းကပ်ပါမယ်"

လူထုဒေါ်အမာရဲ့ ရာပြည့်အခမ်းအနားတွေမှာ စာတမ်းဖတ်ပွဲ ၊ ကဗျာရွတ်ပွဲတွေနဲ့အတူ လူထုဒေါ်အမာရဲ့ စာအုပ်တွေကိုလည်း ရောင်းချမှာဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လူထုဒေါ်အမာကို မန္တလေးမြို့၊ ဂုန္တန်ရပ်မှာမွေးဖွားခဲ့ပြီး ၂ဝဝ၈ ခုနှစ် ဧပြီလ (၇) ရက်နေ့ မန္တလေးဆေးရုံကြီးမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဆရာမကြီး ရေးသားခဲ့တဲ့ စာအုပ်စာပေတွေထဲက ထင်ရှားတဲ့ စာအုပ်တွေဟာ ပြည်သူချစ်သော အနုပညာ သည်များ၊ မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ ၊ စန္ဒမာလာ၊ ဘဝချင်း မတူသည့် တရုတ်ပြည် ၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ အာဖရိကဝတ္ထုတိုများ ၊ မန္တလေးသူ မန္တလေး သား များ ၊ အမေ့ရှေးစကား စတဲ့ စာအုပ်အများအပြားရှိခဲ့ပြီး အဲဒီအထဲက အမေ့ရှေးစကားလို့ခေါ်တဲ့ စာအုပ် ၃ အုပ် တွဲဟာ အရောင်းရကောင်းဆုံးစာရင်းဝင်တယ်လို့ သိရပါတယ်။

ရာပြည့်အခမ်းအနားကျင်းပနိုင်ဖို့ ပြင်ဆင်ထားတာတွေ နဲ့ ပတ်သက်ပြီး သားဖြစ်သူ စာရေးဆရာ ဦးညီပုလေး ကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org