လုံခြုံရေးရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှု တောင်သူ ၃ ဦးကို အမှုဖွင့်
လက်ပံတောင်းတောင် စီမံကိန်းအနီး ဝက်မှေးကျေးရွာက နေအိမ် ၇ လုံး ပြောင်းရွှေ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား မတ်လ ၂၉ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူ ၃ ဦးကို ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။
-
2018-03-31 -
-
-
လက်ပံတောင်းတောင် စီမံကိန်းအနီး ဝက်မှေးကျေးရွာက နေအိမ် ၇ လုံး ပြောင်းရွှေ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား မတ်လ ၂၉ ရက်နေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံတောင်သူ ၃ ဦးကို ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးမှာ တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင် ဦးဆောင်ပြီး ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာနဲ့ မလွတ်ကင်းတဲ့အတွက် ပြောင်းရွှေ့ဖို့သတ်မှတ်ထားတဲ့ ကျေးရွာတွေထဲက ဝက်မှေးကျေးရွာက နေအိမ် ၇ လုံးဟာ မတ်လ ၂၉ ရက်နေ့က ပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီလိုစီစဉ်ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်က လုံခြုံရေးတာဝန်ယူပေးပြီး ပြောင်းရွှေ့ဖို့စီစဉ်ရာ ရဲကားတွေကို ကျေးရွာအတွင်း ဝင်ခွင့်မပြုဘဲ တားဆီးရာကနေ ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဒေသခံဖြစ်တဲ့ မသွဲ့သွဲ့ဝင်း အပါအဝင် ၃ ယောက်ကို ဆားလင်းကြီးမြို့မရဲစခန်း ရဲအုပ် ဝင်းနိုင်ထွန်းက တရားလိုပြုလုပ်ပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။
သူတို့ ၃ ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၄၁ မည်သူမဆို တစ်ဦးတစ်ယောက်သောသူကို မတရားတားဆီး ကန့်ကွက်မယ်ဆိုရင် ထိုသူကို တစ်လအထိ အလုပ်နဲ့ ထောင်ဒဏ်ဖြစ်စေ၊ ၅၀၀ ကျပ်တိတိ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၃၃၃ အရ ပြည်သူ့ဝန်ထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမယ်ဆိုရင် နာကျင်စေသူကို ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တဲ့ ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
အမှုကို လျှော့ပေါ့ပေးဖို့၊ ကျေအေးရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တိုင်းအစိုးရအဖွဲ့ရဲ့ ဖြေရှင်းလုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြထားပြီးဖြစ် တယ်လို့ ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောပါတယ်။
စီမံကိန်းဧရိယာနဲ့ မလွတ်ကင်းတဲ့ကျေးရွာတွေက ပြောင်းရွေဖို့ကျန်ရှိနေတဲ့သူတွေ ပြောင်းရွေ့မယ်ဆိုရင် အိမ်အမျိုး အစားလိုက် နစ်နာကြေးပေးတာတွေနဲ့ ကူညီပြောင်းရွေ့ပေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ မသွ့ဲသွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး သူတို့နှစ်ယောက်က ကျန်းမာရေး မကောင်းတဲ့အတွက် ဆားလင်းကြီးပြည်သူ့ဆေးရုံးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
သတင်းစာရှင်းလင်းပွဲကို နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်အပြင် စည်ပင် သာယာရေးဝန်ကြီး ဦးမြင့်ကြည်နဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့ တက်ရောက်ခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာ ၂၈.၁၇ စတုရန်းကီလိုမီတာ နဲ့ မလွတ်ကင်းတဲ့ ဝက်မှေးကျေးရွာ၊ ကံတောကျေးရွာ၊ ဆည်တည်းကျေးရွာနဲ့ ဇီးတောကျေးရွာတို့ကို ပြောင်းရွှေ့ပေးဖို့ အစိုးရကဆုံးဖြတ်ထားပြီး မြေယာလျော်ကြေးတွေ ပေးခဲ့ပါတယ်။