၀က်မှေးရွာသူ ၂ ဦး အဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသက ဝက်မှေးရွာဟောင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရွာမပြောင်းဘူးငြင်းဆန်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီးလိုက်ပါတယ်။
-
2018-03-29 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင်ဒေသက ဝက်မှေးရွာဟောင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရွာမပြောင်း ဘူးငြင်းဆန်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဝက်မှေးရွာသူ ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ဖမ်းဆီး လိုက်ပါတယ်။
ဝက်မှေးရွာဟောင်းဒေသခံတစ်ချို့က ရဲတပ်ဖွဲ့ကို ရွာထဲကို မဝင်ဖို့ တားဆီးရာကနေ ရဲနဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလို့ မျက်မြင်ဖြစ်သူ ဝက်မှေးရွာဟောင်းက ဒေသခံ ကိုအောင်ဇော်ဦးက ပြောပါတယ်။
"ကျနော်တို့က ဒီရွှေ့တဲ့သူတွေကို မရွှေ့ပါနဲ့လို့လည်းမပြောဘူး၊ သူတို့ဆန္ဒအတိုင်း ရွှေ့ချင်တာကို မတားဘူး၊ အဲဒါကိုရွှေ့ပါ၊ ရွှေ့ပြီးတော့ ကားတွေကိုပဲ အဝင်မခံတာ၊ ဒီလိုအဝင်မခံတာသိရဲ့သားနဲ့ ရဲတွေကိုလည်း ကျနော် ရှင်းပြတယ်၊ ရှင်းပြတဲ့အထဲကမှ ရဲအင်အားသုံးပြီး ကျနော်တို့ လက်တစ်ဆုပ်စာတောင်မရှိတဲ့ ရွာလေးက လူလေးတွေကို မတရား ဒီရဲအင်အား ၁၀၀ ကျော်ကြီးနဲ့ လာလုပ်သွားတာကတော့ မတရားဘူးလို့ ထင်တယ်"
ဝက်မှေးရွာဟောင်းမှာ လက်ရှိ အိမ်ထောင်စု စုစုပေါင်း ၃၀ ကျော်ရှိပြီး အဲဒီထဲက နေအိမ် ၁၀ အိမ်လောက်က သူတို့သဘောဆန္ဒအလျောက် ရွာသစ်ကို ပြောင်းရွှေ့မှုလုပ်ရာမှာ ရဲအင်အား ၁၀၀ ဝန်းကျင်လောက်က ပြောင်းမယ့် သူတွေကို လုံခြုံရေးပေးပြီး ပြောင်းဖို့လုပ်ခဲ့တာဖြစ်ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မလွတ်ကင်းလို့ ပယ်ဖျက်ရမယ့် ရွာတွေထဲမှာ ဝက်မှေးရွာဟောင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။
ဝက်မှေးရွာဟောင်းက ဒေသခံအများစုကတော့ ဝက်မှေးရွာသစ်ကို ပြောင်းရွှေ့သွားကြပြီး မပြောင်းသေးဘဲ ကျန်ရှိနေတဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ကြား တင်းမာမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ရဲကားတွေကို ရွာထဲကိုမဝင်ဖို့ တားဆီးခဲ့တဲ့ ဝက်မှေးရွာဟောင်းက ဒေသခံ မသွဲ့သွဲ့ဝင်းနဲ့ မစန်းလှတို့ကို ရဲတပ်ဖွဲ့က ဒီနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်က အချုပ်ကားပေါ် တင်ဆောင်သွားတာဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မသွဲ့သွဲ့ဝင်းတို့ကို ဖမ်းဆီးချုပ်နှောင်တာနဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ရဲကင်းစခန်းမှူးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အဲဒီကိစ္စကို မသိဘူးလို့ ပြောပါတယ်။