လက်ပံတောင်းအရေး လှုပ်ရှားသူတွေ ဖမ်းမိန့် ထုတ်ပြန်ခြင်းကို AHRC ကန့်ကွက်
လက်ပံတောင်းဒေသမှာ ဒေသခံတွေကို အကူအညီပေးနေသူတွေကို ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်း သာယာရေးပျက်ပြားအောင် လှုံ့ဆော်သူတွေအဖြစ် ဖမ်းမိန့် ထုတ်ပြန်ခဲ့တာနဲ့ သူတို့အပေါ် အကူအညီပေးနေသူတွေကိုပါ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်လိုက်တာဖြစ်တယ် လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
-
2013-04-30 -
-
-
လက်ပံတောင်းဒေသမှာ ဒေသခံတွေကို အကူအညီပေးနေသူတွေကို ဒေသတည်ငြိမ်ရေးနဲ့ အေးချမ်းသာယာရေး ပျက်ပြားအောင်လှုံ့ဆော်သူတွေအဖြစ် ဖမ်းမိန့်ထုတ်ပြန်ခဲ့တာနဲ့ သူတို့အပေါ် အကူအညီပေးနေသူတွေကိုပါ အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
အခုဆောင်ရွက်ချက်တွေဟာ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ မြန်မာနိုင်ငံမှာ မရှိသင့်တော့ဘူးလို့ အာရှလူ့အခွင့်ရေးအဖွဲ့က ဆိုပါတယ်။
AHRC အဖွဲ့က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။
“လက်ပံတောင်းတောင်အရေး လှုပ်ရှားနေတဲ့သူ ၈ ဦးကို ဖမ်းဖို့အတွက် စာရင်းထုတ်ပြန်ထားတာကို ကျွန်တော်တို့တွေ့ရတယ်၊ ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ဒေသခံပြည်သူလူထုတွေနဲ့ နိုင်ငံအတွင်းမှာ လှုပ်ရှားတက်ကြွသူတွေကို ခြောက်လှန့်လိုက်တဲ့ သဘောဖြစ်တယ်လို့ ကျွန်တော်တို့ အာရှလူ့အခွင့်အရေးကော်မတီက ထင်မြင်ယူဆယ်တယ်၊ နောက်ပြီးတော့ ဒီလူ ၈ ဦးကို အားပေးကူညီတယ်၊ လက်ခံတယ်ဆိုရင် အရေးယူမယ်ဆိုတာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေကို ခြောက်လှန့်လိုက်တဲ့သဘောလို့ ယူဆတယ်”
တကယ်တမ်းက ဒေသခံလယ်သမားတွေနဲ့ဖြစ်နေတဲ့ပြဿနာကို ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာသင့်ကြောင်း၊ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဟာ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်နေနေသလို၊ ခရိုနီတွေရဲ့ စီးပွားရေးကို အကာအကွယ်ပေးနေရာရောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင်စွပ်စွဲခံရသူတွေဟာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေမဟုတ်ဘဲ၊ ဒီမိုကရေစီအခွင့်အရေးအရ လွတ်လပ်စွာပြောဆိုခွင့်၊ စုရုံးပိုင်ခွင့်ကိုသာ ဆောင်ရွက်ခဲ့သူတွေ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။