အာဃာတနဲ့ တရားစွဲတာလို့ လန်ဒန်ဆရာတော် မိန့်ကြား
ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားရာမှာ အာဂန္တု သံဃာတော် ငါးပါးကို တရားစွဲဆိုတာဟာ အာဃာတတွေပါနေကြောင်း တရားစွဲခံထားရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ မိန့်ပါတယ်။
-
2015-06-05 -
-
-
ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားရာမှာ အာဂန္တု သံဃာတော် ငါးပါးကို တရားစွဲဆိုတာဟာ အာဃာတတွေပါနေကြောင်း တရားစွဲခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရက သတင်းစာရှင်းလင်းပွဲမှာ မိန့်ပါတယ်။
ဒီနေ့ တာမွေမြို့နယ် တရားရုံးချိန်းအပြီး သတင်းမီဒီယာတွေကို ဆရာတော် ဦးဥတ္တရက မိန့်ကြားခဲ့တာဖြစ်ပါတယ်။
"မဟာသန္တိသုခကျောင်းရဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတာက ပီနန်ဆရာတော်ကြီးရဲ့ (မဟန)ပေါ့နော်၊ သူတို့နှစ်ဦးက တရားစွဲဆိုမှုတွေနဲ့ ဆုံးဖြတ်တွေနဲ့ ဘာမှမလုပ်ပဲနဲ့ ဘုန်းကြီးတို့က ဘာမှမဆိုင်ပဲနဲ့ အာဂန္တုလို နေရုံနေတဲ့အတွက်ကြောင့် ဒီအမှုနဲ့မသက်ဆိုင်ပဲနဲ့ တရားစွဲခံနေရတာက ဥပဒေကြောင်း အရရော ဖြစ်ရပ်မှန်အရရော မှားနေတယ်လို့၊ ဒီလိုဖြစ်သွားတဲ့ကိစ္စမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်တွေဟာ ဘုန်းကြီးတို့ကို ထောင်ချဖို့အတွက် လူဖြစ်ဖို့အတွက်ပဲ အာဃာတတရားတွေနဲ့ပဲ ဘုန်းကြီးတို့ကိုပြောနေတယ်"
မဟာသန္တိသုခကျောင်းတိုက်ကို ဘယ်သူပိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပီနန်ဆရာတော် ဦးပညာဝံသ နဲ့ နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) တို့အကြား အခုချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
အဲ့ဒီမှာ အာဂန္တုအဖြစ် သီတင်းသုံးခဲ့တဲ့ လန်ဒန်ဆရာတော်နဲ့ တခြားသံဃာ ၄ ပါးကို ၂ဝ၁၄ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့ညက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ထောင်တွင်းမှာ လူဝတ်လဲခဲ့ပါတယ်။ အာမခံရပြီး ပထမဆုံး ရုံးထုတ်ချိန်မှာ သင်္ဃန်းပြန်စီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ၊ သံဃာအဖွဲ့အစည်း စကားနားမထောင်မှု ၂ဝ/၉ဝ တို့နဲ့ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်က တရားလိုလုပ်ပြီး တာမွေမြို့နယ်တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။