လွိုင်ကော်ထောင်က လွတ်ရက်စေ့အကျဉ်းသား နှစ်ဆယ် ဆက်လက်ထိန်းသိမ်းခံထားရ
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်က ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားတဲ့ အကျဉ်းသား နှစ်ဆယ် ဆက်လက်ထိန်းသိမ်းခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံးတို့က ဖေဖော်ဝါရီလ ၃ ရက် သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-02-03 -
-
-
ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်က ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိထားတဲ့ အကျဉ်းသား နှစ်ဆယ် ဆက်လက်ထိန်းသိမ်းခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံးတို့က ဖေဖော်ဝါရီလ ၃ ရက် သတင်းထုတ်ပြန်ပါတယ်။
အဲဒီအကျဉ်းသားနှစ်ဆယ်ထဲမှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနဲ့ ရာဇဝတ်မှု အကျဉ်းသား ၁၄ ဦးတို့ ပါဝင်ပါတယ်။
စစ်ကောင်စီက ဒီအကျဉ်းသား နှစ်ဆယ်ကို လုံခြုံရေးအကြောင်းပြပြီး ဆက်လက်ဖမ်းဆီးထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်အဖွဲ့က ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
"စစ်ရေးတင်းမာနေတဲ့အချိန်မှာ အကျဉ်းသားတွေရဲ့ လုံခြုံရေးကိုမပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ပြီး မတရားဖမ်းဆီးထားတာပေါ့နော်။ မိသားစုဝင်တွေကလည်း မျှော်နေကြပြီ"
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) တို့က ကြားဝင်ကူညီပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်နဲ့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံးတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
လက်ရှိမှာ လွိုင်ကော်အကျဉ်းထောင်ကို စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား အပြည့်နဲ့ ခံတပ်တစ်ခုလို ပြင်ဆင်ထားတယ်လို့ ဒေသခံတွေနဲ့ ကရင်နီပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
စစ်ကောင်စီဟာ ဒီနှစ် ဇန်နဝါရီလ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသူ၊ အကျဉ်းသား ၉၆၅၂ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲ ပါဝင်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။