လွိုင်ကော်က ဘုရားကျောင်းအတွင်း စစ်ကောင်စီတပ်စွဲထားလို့ ဒုက္ခသည်တွေ ထွက်ပြေးနေရ

ကက်သလစ်ခရစ်ယာန်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်းဝင်းထဲမှာ တပ်စွဲထားတာကြောင့် ဝမ်းနည်းရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ Christ the King ကက်သလစ်ဘုရားကျောင်း။ Christ the King, Loikaw/Facebook

ကယားပြည်နယ်၊ လွိုင်ကော်မြို့က Christ the King ကက်သလစ်ဘုရားကျောင်းမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲလိုက်တာကြောင့် အဲဒီမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေနဲ့ ဘုန်းတော်ကြီးတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အာရှကက်သလစ်သတင်းဌာန (The Union of Catholic Asian News) က နိုဝင်ဘာ ၂၈ ရက်နေ့က ဖော်ပြပါတယ်။

Christ the King ဘုရားကျောင်းမှာ စစ်ဘေးဒုက္ခသည် ၅ဝ ကျော်အပါအဝင် ခရစ်ယာန် ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ ခိုလှုံနေကြတာလို့ ဆိုပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဘုရားကျောင်းထဲ ဝင်ရောက်လာပြီး တပ်စွဲလိုက်တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ကက်သလစ်ခရစ်ယာန်တွေ အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကြောင့် ဝမ်းနည်းရတယ်လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုရားကျောင်းဝင်းတွေ၊ သာသနာရေးအဆောက်အဦတွေမှာ တပ်စွဲနေရာယူတာကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းတွေကိုမှ ခွင့်မပြုဘူးလို့ Christ the King ဘုရားကျောင်းက သာသနာပိုင် ဘုန်းတော်ကြီး ချဲလ်ဆို ဘရွှေက ဘုရားကျောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ရေးသားခဲ့ပါတယ်။ ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ဘုရားကျောင်းဝင်းထဲကို လက်နက်ကြီး ငါးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး UCA News သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြားက တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲဒီအထဲက ရှစ်သောင်းနီးပါးဟာ ဘုရားကျောင်းတွေမှာ ခိုလှုံနေထိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း ဗုံးကြဲခံရတာ၊ လက်နက်ကြီးထိမှန်တာကြောင့် ကယားပြည်နယ်က ကက်သလစ်ဘုရားကျောင်း ၁၂ ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရတော့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂ဝ၂၃ ခုနစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ဘာသာရေးအဆောက်အဦ ၄၃ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org