တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ ကား ၇ စီးကို ဖမ်းမိ
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တရားမဝင် ပိတောက်သားတွေ တင်ဆောင်လာတဲ့ သစ်ကား ၇ စီးကို မနေ့ညကစတင်ဖမ်းဆီးရမိခဲ့တယ် လို့ မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာနက သိရ ပါတယ်။
-
2017-02-25 -
-
-
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တရားမဝင်ပိတောက်သားတွေ တင်ဆောင်လာတဲ့ သစ်ကား ၇ စီးကို မနေ့ညကစတင်ဖမ်းဆီးရမိခဲ့တယ်လို့ မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာနက သိရပါတယ်။
မနေ့ညကစပြီး ဒီနေ့မနက်အထိ ရှာဖွေစစ်ဆေးတေ့ွရှိချက်တွေအရ နေရာ ၃ ခုမှာ ကား ၇ စီး ဖမ်းဆီးရမိ ခဲ့တာဖြစ်တယ်လို့ မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁ နာရီလောက်က မော်လမြိုင်-မုဒုံ လမ်း တိုးဂိတ်မှာ ၃ စီး၊ ဒီနေ့မနက်ပိုင်းမှာ ပေါင်မြို့ နယ် ဘန်းဗွေ့ကုန်းကျေးရွာမှာ ၃ စီးနဲ့ ကြက်ငူကျေးရွာမှာ ၁ စီး စုစုပေါင်း သစ်ကား ၇ စီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီသစ်ကား ၇ စီးပေါ်မှာ တင်ဆောင်လာတဲ့ ပိတောက်သား တန်ချိန် ၆၀ ခန့် ရှိတယ်လို့ သိရပါတယ်။
အဲဒီတရားမဝင်သစ်တွေကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ကနေ ကုန်တင်ကားတွေနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပြီး ကားပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ပါဝင်တာဖြစ်ပါတယ်။
အဲဒီကား ၇ စီးပေါ်မှာပါလာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် စုစုပေါင်း ၁၄ ဦးထဲက ၁၂ ဦးကို သစ်တောဦးစီးဌာနက ဖမ်းဆီးစစ်ဆေးနေပြီး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။
ကားပေါ်ပါလာတဲ့ သစ်တွေကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝန်ကျေးရွာကို ပို့ဆောင်ရမှာဖြစ်တယ်လို့ လတ်တလောစစ်ဆေးတေ့ွရှိချက်တွေအရ သိရပါတယ်။
မွန်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် ၂လအတွင်း တရားမဝင်ပိတောက်သားတွေ ဖမ်းမိတာ ဒါပထမဆုံး ဖြစ်ပါတယ်။