နိုင်ငံအကြီးအကဲများ နှင့် နိုင်ငံရေးခေါင်းဆောင် များ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အပါ အဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်း သားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးတို့ နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦးရဲ့ တွေ့ဆုံပွဲကို တက်ရောက် လာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အပါ အဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်း သားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးတို့ နဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင် စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုတယ်ဆိုတဲ့ သမ္မတရဲ့စကားကို  အားလုံးကကြိုဆိုခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က

"အပိုင်း (၁) ယနေ့ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ တိုင်းရင်းသားရေးရာဝန်ကြီးများနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင်များ စုစုပေါင်း ၄၈ ဦး တွေ့ဆုံဆွေးနွေးခဲ့ပါသည်၊ ထိုဆွေးနွေးပွဲတွင် (က) ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ထွန်းစေရေးကိစ္စ၊ (ခ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးကိစ္စ (ဂ) လွတ်လပ်ပြီး တရားမျှတသော ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညင်သာသော အသွင်ကူးပြောင်းဖို့ နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိသေးသည့်ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုအရေး ကိစ္စတို့အပါအဝင် နိုင်ငံရေးကိစ္စရပ်များကို ရှုထောင့်အသီးသီးမှ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးအဖြေရှာခဲ့ကြပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ လွှတ်တော်ရဲ့တာဝန်သာဖြစ်တယ်ဆိုတဲ့ ဆွေးနွေးချက်ကို လက်မခံကြောင်း ပြောပါတယ်။

"သူတို့အနေနဲ့ကတော့ ဘယ်လိုမူကို အခြေခံပြီးတော့ ဒီပုဂ္ဂိုလ်တွေကို ရွေးပြီးဖိတ်သလဲဆိုတာ မသိဘူး၊ နည်းနည်းစဉ်းစားရခက်တယ်၊ ဒါပါတီခေါင်းဆောင်တွေလည်း မဟုတ်ဘူး၊ နောက်လွှတ်တော်ထဲက အဖွဲ့ခေါင်းဆောင်တွေလည်း မဟုတ်ဘူး၊ အဲတော့ ဘာကိုအခြေခံပြီး ဖိတ်မှန်းမသိဘူး၊ ကျမတို့တင်ပြချက်ထဲမှာ ရှင်းရှင်းလင်းလင်းပါတယ်၊ ဒါဟာ ခြောက်ပွင့်ဆိုင်ကို ရှောင်ဖို့အတွက်တော့ မဖြစ်သင့်ဘူး၊ သူတို့ခေါင်းစဉ် ၃ ခု ရှိတယ်မဟုတ်လား၊ ခေါင်းစဉ် ၃ ခုအပေါ်မှာ ကျမတို့အဖွဲ့ချုပ်က CEC ထိုင်ပြီးတော့ ဆုံးဖြတ်တာပဲ၊ အဲတော့ အဖွဲ့ချုပ်က တင်ပြတဲ့ဟာတွေကို နောက်အဖွဲ့ချုပ်ကနေပြီးတော့ ထုတ်ပြန်လို့ရပါတယ်"

ဒီနေ့ တွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့ကိုလည်း ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ ြပီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ စုစုပေါင်း ၁၄ ဦး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ ပါတယ်။

ဒီနေ့တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာမနမ်တူးဂျာကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူဗလီစံလှကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇိုဇမ်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org