အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းမယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြော
အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးအရဆွေးနွေးသွားမှာမဟုတ်ဘဲ နှိမ်နှင်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။
- 2022-03-27
-
-
-
အကြမ်းဖက်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးအရဆွေးနွေးသွားမှာမဟုတ်ဘဲ နှိမ်နှင်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။
ဒီလိုအဖွဲ့တွေက လွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲတွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပြီး လက်မှတ်ရေးထိုးထားမှုမရှိသေးတဲ့ အဖွဲ့တွေနဲ့လည်း ကန့်သတ်ချက်မထားဘဲ လွတ်လွတ်လပ်လပ် ဆွေးနွေးသွားမယ်လို့ သူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNUရဲ့ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးကလည်း တိုက်ပွဲတွေအရှိန်လျှော့ချဖို့ မရှိဘဲ စစ်ကောင်စီပြုတ်ကျတဲ့အထိ ဆက်တိုက်မယ်လို့ RFA ကိုပြောထားဖူးပါတယ်။
“အခုဟာက ကျည်ဆန်တွေအများကြီးကျန်ရဲ့သားနဲ့ ဘာမှမလုပ်နိုင်ဘဲ ဒီတိုင်းလက်နက် ချတဲ့ အနေအထားတွေက အများကြီးဖြစ်လာတယ်။ နေရာတော်တော်များများမှာ ဖြစ် လာတယ်။ နောက်ပြီးတော့ ရှောင်တိမ်းလာတဲ့ CDM လုပ်လာတဲ့ စစ်ဗိုလ်၊ ဒုဗိုလ်မှူးကြီး အဆင့်တောင် ဒါတွေကဖြစ်လာတဲ့အခါမှာ စစ်တပ်ရဲ့ပြိုဆင်းမှုက စစ်ရေးနည်းလမ်း တစ်ခုတည်းတင် မဟုတ်ဘူး။ အကြောင်းချင်းရာအများကြီး ပေါင်းဆုံလာပြီးတော့ ဖြစ်လာတဲ့ အခါကျတော့ သူကဘယ်လိုမှ ကျားကန်နိုင်တော့မှာ မဟုတ်ဘူးလို့ အလေး အနက် ယုံကြည်တယ်။ အဲဒါကြောင့် ကျနော်တို့ ဆက်လုပ်ရမယ့်အလုပ်ကတော့ စစ် အာဏာရှင် ပြုတ်ကျရေးအတွက် ဖြစ်တယ်ဆိုပြီးတော့ မလွဲမသွေ ယုံကြည်ပြီးတော့ လုပ်သွားမှာပဲဖြစ်တယ်”
စစ်တပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့တွေလို့ ကြေညာပြီး သုံးနှုန်းပြောဆိုနေတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့်မှာဖြစ်လို့ စိန်ရတုမရောက်ခင်
ဒီကြားကာလမှာ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
စစ်တပ်ကလေးနှစ်ကျော် တစ်ဖက်သတ် အပစ်ခပ်ရပ်စဲထားပြီး ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ EAOs တွေဆီကနေဖြစ်လာတာကို တွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ တပ်မတော်နေ့မှာ ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေကေးကျေးရွာအုပ်စုကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့လို့ အိမ်တချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့၊ ကဆုန့်ကျေးရွာနားက KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၁၁ ကို မတ်လ ၂၇ ရက် ဒီမနက်က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ KIA က ပြောပါတယ်။
နမ္မတီးမြို့နယ်ထဲ မြေပြင်မှာတိုက်ပွဲတွေဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူ က RFA ကို ပြောထားပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။