ခရစ္စမတ်နေ့မှာ စစ်ကောင်စီက ကရင်ပြည်နယ်ကို လေကြောင်းကတိုက်ခိုက်

ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသ မယ်ဝါးခီးစခန်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၅ ရက် နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ ရဟတ်ယာဉ်လေးစီးနဲ့ ၇ ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့နယ် လေးကေ့ကော်ဒေသကို လာရောက်ပစ်ခတ်သည့် စစ်ကောင်စီရဟတ်ယာဉ်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသ မယ်ဝါးခီးစခန်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၅ ရက် နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ ရဟတ်ယာဉ် လေးစီးနဲ့ ၇ ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

လေကြောင်းအပြင် မြေပြင်တပ်တွေပါ အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေအရ ကရင် အမျိုးသားကာကွယ်ရေးတပ်တွေဘက်က ၅ ဦး အကျအဆုံးရှိတယ်လို့ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်လို့ပြောဆိုပေမဲ့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်ကိုလည်း ကျရောက်ခဲ့တယ်လို့ ထိုင်းဘက်ရောက်နေတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။ မဲဆောက်မြို့မှာ နေထိုင်သူတွေရဲ့ အဆိုအရ ထိုင်းနိုင်ငံအလံ ထောင်ထားတဲ့ သံချပ်ကာကားသုံးစီးထက်မနည်း မြန်မာနယ်စပ်ဘက်ကို သွားရောက်ခဲ့တာတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီးကျေးရွာဘက်ကို ဒီဇင်ဘာလ ၂၃ ရက်ကနေ ၂၅ ရက် မနေ့ညနေပိုင်းအထိ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့နဲ့ လေးကေ့ကော်ဒေသကို လေကြာင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org