လောင်းလုံးမြို့နယ် မောင်းမကန်ရွာသား သုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

လောင်းလုံးမြို့နယ် မောင်းမကန်ရွာသားသုံးဦး ဖမ်းဆီးသတ်ဖြတ်တာခံရပြီး ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၇ မှာ တွေ့ရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တစ်နေရာကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရွာက ဒေသခံ အမျိုးသားသုံးဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာခံရပြီး ရုပ်အလောင်းတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်အရွယ် ကိုသန့်ဇင်ဖြိုး၊ ၃၄ နှစ်အရွယ် ကိုကမ်းနဲ့ ၃၅ နှစ်အရွယ် ကိုမျိုးကျော်တို့ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို မောင်းမကန်ရွာအနီးက ဥယျာဥ်ခြံတစ်ခုမှာ တွေ့ခဲ့တာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာနားက ဥယျာဥ်ခြံထဲက ရေတွင်းထဲ မြေဖို့ထားတာပေါ့။ အဲဒီလိုအနေအထားနဲ့ တွေ့ရတာ။ အလောင်းတွေက တော်တော်ကြာပြီထင်တယ်။ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ ခြေတွေ၊ လက်တွေမှာတော့ ကြိုးတုပ်ထားတာတွေ တွေ့ရတယ်"

စက်တင်ဘာလ ၁၂ ရက်နေ့က မောင်းမကန်ရွာ နယ်မြေရဲစခန်း တိုက်ခိုက်ခံရတာကြောင့် အဲဒီညနေပိုင်းမှာ သူတို့ သုံးဦးအပါအဝင် မောင်းမကန်ရွာသား ဆယ်ဦးခန့်ကို စစ်ကောင်စီတပ်က နေအိမ်တွေထဲ ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အများစုက ပြန်လွတ်လာခဲ့ပေမဲ့ သူတို့သုံးဦးက ပျောက်ဆုံးနေပြီး မနေ့ကမှ ရုပ်အလောင်းတွေ ပြန်တွေ့ခဲ့တာပါ။

အခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စက်တင်ဘာလလ ၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး အမျိုးသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org