လားရှိုးထောင်က အကျဥ်းသားတွေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရ
လားရှိုးမြို့က တိုက်ပွဲအတွင်း ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ လာရှိုးအကျဥ်းထောင်ပွင့်သွားပေမဲ့ အကျဉ်းသားတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ်RFA ကို ပြောပါတယ်။
-
RFA Burmese
2024-07-29 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က တိုက်ပွဲအတွင်း ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ လာရှိုးအကျဥ်းထောင်ပွင့်သွားပေမဲ့ အကျဉ်းသားတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ဇူလိုင်လ ၂၉ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
လားရှိုးမြို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ လားရှိုးထောင်မှာ အကျဥ်းကျနေတဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ထောင်ပွင့်တယ်လို့တော့ သတင်းတွေထွက်နေတာ သူနဲ့ (ဦးထွန်းထွန်းဟိန်) ဒီမနက်အထိ အဆက်အသွယ် မရသေးဘူး။ ဘေးကင်းမယ်လို့တော့ မျှော်လင့်ပါတယ်”
လားရှိုးအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေအရေး ကူညီဆောင်ရွက်နေပေးသူ နိုင်ငံရေးအကျဥ်းသူဟောင်းတစ်ဦးကလည်း လားရှိုးထောင်ပွင့်တာဟုတ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်အဖွဲ့အစည်း တာဝန်ယူစောင့်ရှောက်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။
“ကျွန်မတို့လည်း ချိတ်ဆက်နေတုန်းပဲ။ အခြေအနေတွေက ရှုပ်ထွေးနေတော့ အတိအကျ မသိရသေးပါဘူး။ ထောင်ပွင့်တာ သေချာတယ်။ အကျဥ်းသားတွေကို ဘယ်အဖွဲ့က ထိန်းထားပေးလဲဆိုတာ မသိရသေးဘူး”
လားရှိုးအကျဥ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဥ်းသား လေးရာခန့် အကျဥ်းချခံထားရတယ်လို့ သူက ပြောပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်ဖွဲ့တာဝန်ခံ မောင်ဆောင်းခကလည်း ဦးထွန်းထွန်းဟိန်နဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ရှာဖွေနေကြောင်းနဲ့ တိုက်ပွဲဖြစ်နေရင်း ထောင်ပွင့်သွားလို့ အကျဥ်းသားတွေ ဘေးကင်းရာထွက်ပြေးကြစဥ် အဆက်အသွယ်ပြတ်သွားကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူနဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ရဲ့ ပြောခွင့်ရသူတွေထံ RFA ကဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဇူလိုင်လ ၂၉ ရက် ဒီနေ့မနက်ပိုင်းအထိ လားရှိုးမြို့အမှတ် (၉) ရပ်ကွက်အတွင်းက စစ်ကောင်စီတပ်ရင်းတွေအနီးနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ လားရှိုးကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေက ပြောပါတယ်။