ကွတ်ခိုင်မြို့ ပန်ယန်ခါးဒုက္ခသည်စခန်းမှာ ကလေးငယ်တွေ ဖျားနာနေပြီး ဆေးဝါးပြတ်လပ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးအုပ်စု ပန်ယန်ခါးရွာ ဒုက္ခသည်စခန်းမှာ ကလေးငယ်အများစု ဖျားနာနေပြီး ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။

ပန်ယန်ခါးဒုက္ခသည်စခန်းက ဖျားနာနေသည့် ကလေးငယ်တစ်ဦးကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးအုပ်စု ပန်ယန်ခါးရွာ ဒုက္ခသည်စခန်းမှာ ကလေးငယ်အများစု ဖျားနာနေပြီး ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ဒုက္ခသည်စခန်းမှာနေထိုင်သူတွေက ပြောပါတယ်။

ဖျားနာတဲ့ကလေးငယ်တွေဟာ အသက် ၁၀ နှစ်အောက် အရွယ်တွေဖြစ်ပြီး ပါတာစီတမော့လို အကိုက်အခဲပျောက်ဆေးတောင် သောက်ဖို့မရှိဘူးလို့ အဲဒီစခန်းမှာ နေထိုင်တဲ့ ဒေါ်ဂျုံဆေးက RFA ကိုပြောပါတယ်။

“ရာသီတုပ်ကွေးလိုမျိုးဖြစ်ပြီး ကလေးတွေဖျားကြတာ။ အခုထိ ဆယ်ယောက် ဝန်းကျင်က ဖျားနေတုန်းပဲ။ အိပ်ယာထဲက မထနိုင်တဲ့ကလေးတွေလည်း ရှိတယ်။ ဘာဆေးမှ မရှိဘူးဖြစ်နေတာ”

အဲဒီဒုက္ခသည်စခန်းမှာ အရင်က နိုင်ငံတကာအဖွဲ့အစည်းအချို့က‌နေ ကျန်းမာရေး ဝန်ထမ်းတွေ ထားပေးပေမယ့် အခုတော့ ဆေးဝါးမရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မလာကြ‌တော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် လက်ရှိ ကျန်းမာရေးအတွက် တိုင်းရင်းဆေးဝါးတွေကိုပဲ အဓိက အားထား နေရတယ်လို့ ဒေါ်ဂျုံဆေးက ပြောပါတယ်။

ပန်ယန်ခါးဒုက္ခသည်စခန်းမှာ လူဦးရေ ၂၅၃ ဦးနေထိုင်ပြီး ကလေးငယ်က တစ်ရာဝန်းကျင် ရှိတယ်လို့ အဲဒီစခန်းမှာ‌ နေထိုင်သူတွေက ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ၂၀၁၂ ခုနှစ်မှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် မုံးစီးအုပ်စုမှာရှိတဲ့ KBC ဘုရားကျောင်းထံ ထွက်ပြေး ခဲ့ကြသူတွေဖြစ်ပြီး ၂၀၂၀ ခုနှစ် မေလမှာ ဘုရားကျောင်းဝန်းထဲကနေ ပန်ယန်ခါးရွာကို ပြန်လည်ရွှေ့ပြောင်းသွားခဲ့တာပါ။

အရင်က စားဝတ်နေရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အခုနှစ် ဇွန်လအထိ ထောက်ပံ့ပေးခဲ့ပေမယ့် အခုနောက်ပိုင်း ထောက်ပံ့မှုတွေ မရတော့တာကြောင့် စားဝတ် နေရေးပါ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org