ပြည်နယ်ဝန်ကြီးနဲ့ ပတ်သက်ပြီး သက်သေ ၁၄ ဦး စစ်ဆေးပြီးဖြစ်
စွပ်စွဲပြစ်တင်ခံထားရတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်စုံစမ်းရေးအဖွဲ့က သက်သေ ၁၄ ဦးကို စစ်ဆေးပြီးဖြစ် တယ်လို့ စုံစမ်းရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
-
2018-05-20 -
-
-
စွပ်စွဲပြစ်တင်ခံထားရတဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ ပတ်သက်ပြီး လွှတ်တော်စုံစမ်းရေးအဖွဲ့က သက်သေ ၁၄ ဦးကို စစ်ဆေးပြီးဖြစ်တယ်လို့ စုံစမ်းရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
သက်သေတွေကို ဝန်ကြီး ဦးကျော်အေးသိန်း ရှေ့မှာတင် မေးမြန်းစစ်ဆေးပြီး ဝန်ကြီးဘက်ကိုလည်း ပြန်လည် ချေပခွင့်ပေးတဲ့ ပုံစံနဲ့ စစ်ဆေးနေတာဖြစ်တယ်လို့ စုံစစ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ကပြောပါတယ်။
"ဝန်ကြီးကို စစ်ဆေးတဲ့ အခါမှာလည်း ကျနော်တို့က သက်သေတွေကို တဖက်သတ်မဖြစ်အောင် ဝန်ကြီးရှေ့မှာပဲ သက်သေတွေကို စစ်ဆေးပါတယ်။ ဝန်ကြီးကလည်း မေးချင်တာတွေကို မေးခွင့်ပြုထားတယ် သက်သေတွေကို လေ။ သူ့သက်က ပြန်လှန်မေးတာတို့ သူ့ရှေ့နေက မေးတာတို့က ကျနော်တို့ လွတ်လပ်စွာ ခွင့်ပြုထားပြီးတော့ စစ်ဆေးနေပါတယ်။ ကျနော်တို့က သက်သေကို သူ့ရှေ့မှာ တင်မဟုတ်ဘဲ ကျနော်တို့ ဘာသာ ထွက်ချင်ရာထွက် မှတ်တမ်းအဲ့လိုမဖြစ်အောင် ဝန်ကြီးလာတဲ့နေ့မှာပဲ သက်သေကို စစ်ပါတယ်။ စွပ်စွဲခံရသူကို ပြန်လည်ချေပဖို့ အတွက် သူတို့ကိုလည်း သက်သေတွေကို မေးခွန်းမေးခိုင်းထားပါတယ်။ အဲ့လိုနည်းနဲ့ စစ်နေပါတယ်"
စစ်ဆေးပြီးတဲ့ သက်သေတွေထဲမှာ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ ပါဝင်ပါတယ်။ သက်သေထွက်ဆိုတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေဘက်က ဝန်ကြီး ဦးကျော်အေးသိန်း ဆောင်ရွက်ခဲ့မှုကြောင့် နစ်နာခဲ့တာတွေကို ထွက်ဆိုထားတာတွေရှိတယ်လို့ ပြောပါတယ်။
သက်သေထွက်ဆိုတဲ့ ကုမ္ပဏီတွေဟာ လုပ်ငန်းနစ်နာမှုတွေနဲ့ ပတ်သက်ပြီး မိမိသဘောဆန္ဒ အလျှောက် သက်သေထွက်ဆိုကြတာဖြစ်ပြီး သက်သေထွက်ဆိုတဲ့ ကုမ္ပဏီပေါင်း ၁၀ ခုလောက်ရှိတယ်လို့ ဦးနိုင်ကြွေအေး က ပြောပါတယ်။
ဝန်ကြီး ဦးကျော်အေးသိန်းကို ရာထူးကနေ ရပ်စဲပေးဖို့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လာမယ့် မေလ ၃၀ ရက်နေ့မှာ လွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းမှာဖြစ်ပြီး အဲဒီအစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
ဦးကျော်အေးသိန်းဟာ ဥပဒေအရ အပ်နှင်းထားတဲ့တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်တဲ့အပြင် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရဲ့ ခွင့်ပြုရန်ပုံငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ဆောင်ရွက်နိုင်မှုမရှိတာကြောင့် မြို့နယ်အလိုက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေ ရှိတယ်ဆိုပြီး တာဝန်ကနေရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက တိုင်ကြားထားတာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ခေါင်းဆောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လေးဦးက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။
ဦးကျော်အေးသိန်းဟာ ရွေးကောက်ခံ ကိုယ်စားလှယ်မဟုတ်ဘဲ ပြင်ပ ပညာရှင်တစ်ဦးအနေနဲ့ ဝန်ကြီးချုပ် ဦးညီပု က အဆိုပြုခန့်အပ်ထားတာဖြစ်ပါတယ်။