ကျောက်တော်မြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပညာဝကျေးရွာမှာ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို ကျောက်တော်မြို့နယ် ရဲစခန်းက လူသတ်မှု နဲ့ အမှုဖွင့်ထားပါတယ်။
-
2016-06-27 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပညာဝကျေးရွာမှာ စစ်ဘေးဒုက္ခသည်တစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးကို ကျောက်တော်မြို့နယ် ရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။
ဒုက္ခသည်တွေအတွက် နေအိမ်ဆောက်လုပ်ဖို့ အစိုးရကထုတ်ပေးထားတဲ့ ငွေကို အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ခင်က အပြည့်မပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး စကားများရာကနေ အုပ်ချုပ်ရေးမှူးက ရိုက်နှက်ခဲ့တဲ့အတွက် သေဆုံးခဲ့တာဖြစ် တယ်ဆိုပြီး တိုင်ကြားလာတဲ့အတွက် အမှုဖွင့်ထား တာဖြစ်တယ် လို့ ကျောက်တော်မြို့နယ်ရဲစခန်းက ရဲမှူး ဦးခင်မောင် က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နေရပ်မပြန်နိုင်ကြသေးတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ယာယီတဲအိမ်တွေ ဆောက်လုပ်နေ ထိုင်ဖို့ဆိုပြီး အစိုးရက တစ်အိမ်ထောင်ကို ငွေကျပ် ၂ သိန်းစီ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
ပညာဝကျေးရွာမှာရှိတဲ့ တခြားဒုက္ခသည်တွေအားလုံး ငွေကျပ် ၂ သိန်းကို အပြည့်အဝရကြပေမယ့် သေဆုံးသူ ဦးကျော်ဇံက ငွေကျပ် တစ်သိန်းခွဲသာ ရရှိတာကြောင့် နောက်ထပ် ၅ သောင်းကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က အုပ်ချုပ်ရေးမှူးထံ သွားတောင်းရာကနေ သေဆုံးတာဖြစ်တယ်လို့ သေဆုံးသူ ဦးကျော်ဇံရဲ့ ဦးလေး ဦးတင်အောင် က ပြောပါတယ်။
ဦးကျော်ဇံဟာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး နှစ်ရက်အကြာ မှာ ဆေးရုံမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ဦးမောင်ကျော်ဇံဟာ အသက် ၅၁ နှစ်ရှိနေပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သပြုချောင်းကျေးရွာကနေ ကျောက်တော်မြို့နယ် ပညာဝကျေးရွာကို ပြီးခဲ့တဲ့ ဧပြီလလောက်က မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်လာတာဖြစ်ပါတယ်။
လက်ရှိပညာဝကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၁၀၀ လောက်ရှိပါတယ်။